Skip to main content

ဒုတိယဝန်ကြီးဦးမင်းမင်း ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ကဏ္ဍ‌ပေါင်းစုံ၊ နည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (ဘင်းမ်စတက်) စီးပွားရေးထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် အိန္ဒိယသမ္မတနိုင်ငံသို့ ထွက်ခွာ

နေပြည်တော် ဩဂုတ် ၅

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမင်းမင်း ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံ နယူးဒေလီမြို့၌ ဩဂုတ် ၆ ရက်မှ ၈ ရက်အထိကျင်းပမည့် ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ကဏ္ဍ‌ပေါင်းစုံ၊ နည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (ဘင်းမ်စတက်) စီးပွားရေးထိပ်သီး အစည်းအဝေးသို့တက်ရောက်ရန် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ အိန္ဒိယသမ္မတနိုင်ငံသို့ လေကြောင်းခရီးဖြင့်ထွက်ခွာသွားရာ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

အဆိုပါ စီးပွားရေးထိပ်သီးအစည်းအဝေးကို စီးပွားရေးလုပ်ငန်းများအတွက် ပွင့်လင်းမြင်သာမှုရှိပြီး လွယ်ကူချောမွေ့စွာဆောင်ရွက်နိုင်‌ရေး ဖန်တီးရန်နှင့် ပိုမိုကောင်းမွန်သော ကုန်သွယ်ရေးနှင့် စီးပွားရေးအလားအလာများအတွက် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးရန်ကျင်းပခြင်းဖြစ်ပြီး ထိပ်သီးအစည်းအဝေးတွင် နိုင်ငံjတကာမှ တက်ရောက်လာသည့် အဆင့်မြင့်အရာရှိကြီးများ၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များ၊ အကြံပေးအဖွဲ့များ၊ သုတေသနအသင်းအဖွဲ့များနှင့် ထုတ်လုပ်မှုလုပ်ငန်းများမှ ကျွမ်းကျင်ပညာရှင်များနှင့်တွေ့ဆုံကာ ကုန်သွယ်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများ၊ စွမ်းအင်၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ ဘင်းမ်စတက် လွတ်လပ်စွာကုန်သွယ်ရေးသဘောတူစာချုပ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးသွားကြမည်ဖြစ်သည်။

ဖိုရမ်သို့ စွမ်းအင်ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ ကိုယ်စားလှယ်များတက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်