Skip to main content

ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကရင်ပြည်နယ်အတွင်းရှိ သဘာဝဘေးဒဏ်သင့်ပြည်သူများကို တွေ့ဆုံအားပေး၊ ထောက်ပံ့ပစ္စည်းများပေးအပ်

နေပြည်တော် ဩဂုတ် ၅

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ စိုးဝင်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးတို့သည် ယနေ့နံနက်ပိုင်းက ပြည်နယ်အတွင်း သဘာဝဘေးဒဏ်သင့်ပြည်သူများကို တွေ့ဆုံအားပေး၍ ထောက်ပံ့ပစ္စည်းများ ပေးအပ်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများသည် မြိုင်ကြီးငူနန်းဦးဘေးမဲ့တောရကျောင်း ဦးစီးပဓာနနာယက (ဒုတိယမြိုင်ကြီးငူ) ဆရာတော်ဘဒ္ဒန္တဉာဏိကအား သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ လျှောက်ထားတင်ပြပြီး ဆန်၊ ဆီအစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း ကြသည်။

ထို့နောက် မြိုင်ကြီးငူအထူးဒေသသို့ ယာယီပြောင်းရွှေ့နေထိုင်သော သဘာဝဘေးဒဏ်သင့်ပြည်သူများကို စုံနံ့သာမြိုင်အခြေခံပညာအထက်တန်းကျောင်း (ခွဲ) စုံချစ်မြိုင်ခန်းမ၌ သွားရောက်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက အားပေးစကားများပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ယာယီနေထိုင်စဉ်ကာလအတွင်း တစ်ကိုယ်ရေသန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ကျန်းမာရေးကို အထူးဂရုပြုကြရန်ပြောကြားကာ သဘာဝဘေးဒဏ်သင့် အိမ်ထောင်စု ၁၁၇၁ စု၊ လူဦးရေ ၆၁၆၃ ဦးအတွက် ဆန်ရိက္ခာဖိုး ငွေကျပ် ၅၅၄၆၇၀၀ဝ နှင့် နိုင်ငံတော်အကြီးအကဲ၏ အစီအမံဖြင့်ထောက်ပံ့သည့် ငွေကျပ် ၉၅၇၄၅၀၀ဝ တန်ဖိုးရှိ Smart ကျား/မဝတ် ရှပ်အင်္ကျီ ၆၁၆၃ ထည်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်များကို ထောက်ပံ့ပေးအပ်၍ ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားများ ပြောကြားကြသည်။

ယင်းနောက် မြိုင်ကြီးငူအောင်မင်္ဂလာ စာသင်တိုက် ယာယီရေဘေးကယ်ဆယ်ရေးစခန်းသို့သွားရောက်၍ ဆွေမြတ်မျိုးကြွယ်ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တသီရိဓမ္မအား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ လျှောက်ထားတင်ပြကာ လှူဖွယ်ဝတ္တုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းပြီး ရေဘေးသင့်အိမ်ထောင်စု ၉၆၅ စု၊ လူဦးရေ ၅၃၉၀ အတွက် ဆန်ရိက္ခာဖိုးငွေကျပ် ၄၈၅၁၀၀၀ဝ နှင့် ပြည်နယ်အစိုးရအဖွဲ့မှ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်များကို ထောက်ပံ့ပေးအပ်ကြသည်။

ဆက်လက်၍ ဘားအံမြို့လှာကမြင်ကွက်သစ် အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ရေဘေးကယ်ဆယ်ရေးစခန်းတွင် ယာယီပြောင်းရွှေ့နေ ထိုင်သောအိမ်ထောင်စု ၁၂၁ စု၊ လူဦးရေ ၅၅၂ ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် ၄၉၆၈၀၀ဝ၊ ငါးသေတ္တာ ၅၅၂ ဘူးကို လည်းကောင်း၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း မိုးလုံလေလုံအားကစားခန်းမ ရေဘေးကယ်ဆယ်‌ရေးစခန်းရှိ အိမ်ထောင်စု ၂၇၉ စု၊ လူဦးရေ ၁၃၅၅ ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် ၁၂၁၉၅၀၀ဝ၊ ငါးသေတ္တာ ၁၃၅၅ ဘူးကို လည်းကောင်း၊ မိုးလုံလေလုံအားကစားခန်းမ ရေဘေးကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု ၁၅၀၊ လူဦးရေ ၆၈၁ ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် ၆၁၂၉၀၀ဝ၊ ငါးသေတ္တာ၆၈၁ ဘူးကို လည်းကောင်း၊ ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော် ရေဘေးကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု ၂၃၆ စု၊ လူဦးရေ ၁၁၈၁ဦး အတွက် ဆန်ရိက္ခာဖိုးငွေကျပ် ၁၀၆၂၉၀၀ဝ၊ ငါးသေတ္တာ ၁၁၈၁ ဘူးကိုလည်းကောင်း ထောက်ပံ့ပေးအပ်ကြပြီး ပြည်နယ်အစိုးရအဖွဲ့မှ ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်များကို ထောက်ပံ့ပေးအပ်ကာ အဆိုပါကယ်ဆယ်ရေးစခန်းရှိ ကလေးငယ်များအား အာဟာရဖြည့်စွက်စားစရာမုန့်များကို ဝေငှပေးခဲ့ကြကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)