Skip to main content

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ

နေပြည်တော် စက်တင်ဘာ ၁၃

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဒေါ်စန္ဒာဦးက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၁၃ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

မိဘပြည်သူအပေါင်းတို့ရှင့် - မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့ ဦးစွာ ပထမ နှုတ်ခွန်းဆက်သအပ်ပါတယ်ရှင့်။ ကျွန်မကတော့ မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေးပါတီရဲ့ဥက္ကဋ္ဌ ဒေါ်စန္ဒာဦး ဖြစ်ပါတယ်။ ကျွန်မတို့ပါတီရဲ့ မူဝါဒနဲ့ လုပ်ငန်းစဉ်အနေနဲ့ နိုင်ငံရေးသမားတွေ အလွန်မင်း ဖောင်းပွပါဝင် နေတာကို မလိုလားပါဘူးဆိုလို့ အထူးအဆန်းဖြစ်နေမယ်ဆိုရင် ထပ်မံ ရှင်းလင်းတင်ပြပါ့မယ်။ ပြည်သူလူထု တစ်ရပ်လုံးဟာ မိမိတို့ရဲ့ မူလကုန်ထုတ် လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း စတာတွေမှာသာ အာရုံစူးစိုက် နစ်မြုပ်လုပ်ကိုင် စေပြီး နိုင်ငံရေး သတင်းတွေ၊ ဥပဒေစည်းမျဉ်းစည်းကမ်းတွေ၊ နိုင်ငံရဲ့ လုံခြုံရေး၊ စီးပွားရေးဆိုင်ရာ ပေါ်လစီအရွှေ့အပြောင်း စတဲ့နိုင်ငံရေးဆန်တဲ့ အကြောင်း ခြင်းရာတွေကို အနဲ့တစ်ပြေးညီ သိရှိနေဖို့ကိုသာ လိုလားတာ ဖြစ်ပါတယ်။ ဒီမိုကရေစီနိုင်ငံတစ်ခုမှာ ပြည်သူလူထုဟာ မိမိတို့စီးပွားရေးကို မိမိတို့ဘာသာ ကြိုးစားလုပ်ကိုင်ကြရတာဖြစ်လို့ ဝင်ငွေရလမ်းမဟုတ်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ် တွေထဲမှာ ဘဝနဲ့အချိန်တွေကို နစ်မြုပ်မနေ စေချင်ပါဘူး။ ဒါပေမယ့် နိုင်ငံရေး စနစ်တွေကို နိုင်ငံရေးသမားတွေ၊ အစိုးရလူကြီးတွေ လွဲမှားစီမံကြတဲ့အခါ ပြည်သူတွေသာလျှင် ဝန်ထုပ်ဝန်ပိုးဖြစ်ခြင်း၊ ပြည်သူ့ဘဏ္ဍာခွန်ဆုံးရှုံးခြင်း၊ ပြည်သူ့လုပ်ငန်းကို အစိုးရက ဝင်ရောက်နှောင့်ယှက်ခြင်းကြောင့် လုပ်ရကိုင်ရ ခက်ခဲခြင်း စတဲ့ဆိုးကျိုးတွေကို ပြည်သူတွေက ခံစားရပါတယ်။ ဒါ့ကြောင့် နိုင်ငံရေးဆန်တဲ့ သတင်းတွေကိုတော့ မဖြစ်မနေသိဖို့ လိုအပ်လာပြန်တယ်။

မိဘပြည်သူအပေါင်းတို့ရှင့် - .

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဟာ ၂၀၁၀ ခုနှစ် မတ်လ ၂၂ ရက် နေ့ကတည်းက တရားဝင်မူဝါဒဖွဲ့စည်းပုံနှင့် လုပ်ငန်းစဉ်ဆိုတဲ့ စာအုပ်အတည် ပြု ရေးဆွဲပြဋ္ဌာန်းပြီးကတည်းက ယနေ့အချိန်အထိ မိမိတို့ မူဝါဒနဲ့အညီ ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီရဲ့ ဖွဲ့စည်းပုံအရ မြို့နယ်တစ်မြို့နယ်မှာ (၁)ယောက်ရှိရုံမျှနှင့် ဆက်သွယ်ရေးရုံး အဖြစ် ဖွင့်လှစ်ဆောင်ရွက် နိုင်ပါတယ်။ ရှုပ်ထွေးများပြားတဲ့ ရုံးလုပ်ငန်းတွေ ရုံးအသုံးအဆောင်တွေ မလိုအပ်ပါဘူး။ ပါတီဌာနချုပ်နဲ့ ဒေသခံပြည်သူ ဆက်သွယ်ရေးအဖြစ် လုပ်ဆောင်ရုံပါပဲ။ ဒေသတွင်းပြဿနာတွေကို ဆက်သွယ် ရေးတာဝန်ခံနဲ့ တိုင်ပင်ပြီး ပါတီဌာနချုပ်ကို အကြံဉာဏ်ရယူခြင်း၊ အစိုးရအဖွဲ့ ဆီ ဆက်လက်တင်ပြလိုခြင်း စတဲ့လုပ်ငန်းတွေ လုပ်ဆောင်နိုင်ပါတယ်။ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဟာ လွှတ်တော် ကိုယ်စားလှယ်လောင်း တွေ အမြောက်အမြား ပါဝင်ယှဉ်ပြိုင်ဖို့ မူဝါဒရေးဆွဲထားတာမျိုး မရှိပါဘူး။ ရွေးကောက်ပွဲ‌ကော်မရှင ်ဥပဒေအရ နိုင်ငံရေးပါတီတစ်ခုဟာ မဲဆန္ဒနယ် သုံးနယ် ဝင်ရောက်ယှဉ်ပြိုင်မှုမရှိလျှင် ပါတီဖျက်သိမ်းရမယ်လို့ ပြဋ္ဌာန်းချက် ရှိပါတယ်။

ဒါ့ကြောင့် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဟာ ရွေးကောက်ပွဲ တွေကို မဖြစ်မနေ ဝင်ရောက်ယှဉ်ပြိုင်ပေးရလေ့ရှိပါတယ်။ မိဘပြည်သူ များရှင်၊ ပါတီဝင်တွေကို လည်း အစိုးရဖွဲ့နိုင်တဲ့ အာဏာမျိုးသာမက လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရာထူးရယူတာမျိုးအထိကို ရင်ခုန်စိတ်လှုပ်ရှားဖို့၊ မျှော်လင့်တောင့်တဖို့ မသွန်သင်ပါဘူး။ နိုင်ငံရေးစနစ်အကြောင်း၊ စီးပွားရေး စနစ်တွေအကြောင်း၊ အစွန်းရောက် ဘာသာတရားတွေအကြောင်းကိုသာ ပြည်သူလူထုနဲ့ မိမိတို့ပါတီဝင်တွေကို လေ့လာကြဖို့ သွန်သင်ညွှန်ပြပါတယ်။ ကျွန်မတို့ရဲ့ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဟာ အသိပညာဗဟုသုတ ဖြန့်ချိရေးကိုသာ တစိုက်မတ်မတ် လုပ်ဆောင်ခဲ့တာ ၂၀၁၀ ခုနှစ်ကနေ ယနေ့အချိန်အထိပါပဲ။ ပြည်သူလူထုကြီးတစ်ရပ်လုံးအနေနဲ့ ကျွန်မတို့ပါတီရဲ့ အင်တာနက်စာမျက်နှာတွေကနေ တင်ပြနေတာကို မြင်သင့်သလောက် မြင်နေရပါတယ်။ ပျံ့နှံ့မှုကတော့ အားနည်းတာကို ကျွန်မတို့ လက်ခံပါတယ်။ ပြည်သူအများစုအနေနဲ့ အာဏာယှဉ်ပြိုင်မှုကိုသာ နိုင်ငံအရေးအဖြစ် ရှုမြင်ဆဲ ကာလဖြစ်တာကြောင့် ကျွန်မတို့တင်ပြနေမှုတွေကို နိုင်ငံရေးစာပေအဖြစ် လက်ခံဖတ်ရှုလေ့လာဖို့အရာမှာ စိတ်ဝင်စားမှုနည်းပါးနေကြတယ်လို့ ရှုမြင် ထားပါတယ်။ ဒီမိုကရေစီစနစ်ကို ကျွန်မတို့ ချစ်မြတ်နိုးရတာက အာဏာကြောင့် မဟုတ်ပါဘူး။ ဘုရင်စနစ်မှာလည်း ဘုရင်ဖြစ်ရင်၊ အမတ်ချုပ်ကြီးဖြစ်ရင်၊ စစ်သူကြီးဖြစ်ရင် လုပ်ချင်တာကို လုပ်နိုင်ကြတာပါပဲ။ အဲဒီလို ရာထူးအာဏာ တွေရမှ လုပ်ချင်တာလုပ်နိုင်တယ်ဆိုရင် ကျွန်မတို့ဟာ ဒီမိုကရေစီကို ရေဆာ သလို ငတ်မွတ်တောင့်တနေဖို့ မလိုပါဘူး။ ဒီမိုကရေစီစနစ်မှာ ပေးထားတဲ့ လွတ်လပ်စွာ ပြောဆိုရေးသားဖြန့်ချိမှုကို အသုံးချပြီး သာမန်အရပ်သား ပြည်သူတစ်ယောက်ဟာ မိမိတို့စိတ်ကူးဆန္ဒတွေကို အကောင်အထည်ဖော်ခွင့် ရနိုင်ပါတယ်။ သာမန်အရပ်သားပြည်သူတစ်ယောက်ရဲ့ အတွေးအမြင်၊ စိတ်ကူး စိတ်သန်း၊ ရပ်တည်ချက်တွေကို ဖြန့်ဝေရင်း အခြားသော ပြည်သူလူထု အများစု ကပါ စိတ်တူကိုယ်တူဆန္ဒတူ ဖြစ်လာခဲ့ရင် အာဏာရှိသူတွေ၊ ရာထူးရှိသူတွေက မဖြစ်မနေ လိုက်နာအကောင် အထည်ဖော်ပေးကြရစမြဲပါပဲ။ ဒါ့ကြောင့် ကျွန်မတို့ ပါတီဟာ လူထုနည်းနဲ့ လူထုအာဏာကို အစိုးရတွေ လိုက်နာအကောင်အထည် ဖော်ကြဖို့ လှုံ့ဆော်တဲ့ပါတီတစ်ရပ် ဖြစ်ပါတယ်။ ဒီအချက်ဟာ ကျွန်မတို့ပါတီရဲ့ ထူးခြားချက်ဖြစ်ပါတယ်။ ကျန်ပါတီတွေနဲ့ ပြည်သူအများစုက ကျွန်မတို့ပါတီရဲ့ အခုလုပ်ဆောင်ချက်ကို နားမလည်တာတွေ ရှိကောင်းရှိနိုင်ပါတယ်။ အသစ် အဆန်းသဘောမျိုး ဖြစ်နေတဲ့အခါ နားမလည်တာဖြစ်နိုင်ပါတယ်။ နိုင်ငံရေးပါတီ တစ်ခုထောင်ရင် အာဏာရဖို့ လိုအပ်တယ်ဆိုတဲ့ ရှေးအစဉ်အလာတစ်ခုကနေ ဒီမိုကရေစီခွင်ထဲမှာ ပြည်သူနဲ့ အစဉ်အဆက် အစိုးရအဆက်ဆက်ကြား ပေါင်းကူးပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထူထောင်ထားတယ်လို့ နားလည်ပေးစေချင် ပါတယ်။ ကျွန်မတို့ပါတီရဲ့ လိုဂိုတံဆိပ်ကတော့ ရောင်စဉ် လှိုင်းတွေကို သရုပ်ဖော် ထားတာပဲ ဖြစ်ပါတယ်။ ကမ္ဘာလုံးသဏ္ဌာန်ကို ရောင်စဉ်လေးမျိုးနဲ့ လှည့်ပတ် နေတဲ့ နိမိတ်ပုံဟာ ခေတ်မီဆက်သွယ်ရေးကိရိယာတွေကို အသုံးပြုပြီး အယူအဆ သဘောတရား အတွေးအမြင်တွေကို ဖြန့်ကြက်မယ်လို့ သရုပ်ဖော်နေတာပဲ ဖြစ်ပါတယ်။ ပါတီထူထောင်စဉ်ကာလမှာ အင်တာနက်အသုံးပြုသူတွေ အလွန် နည်းပါးခဲ့ပေမယ့် ယနေ့အချိန်မှာတော့ တောရော မြို့ပါမကျန် အင်တာနက်ကို အသုံးပြုလာကြပြီ ဖြစ်ပါတယ်။ ယနေ့ခေတ်မှာ တောချုံချောင်ကြားကနေ မြို့လယ်အထိ အင်တာနက်ကွန်ရက်သတင်းတွေ ပျံ့နှံ့နေပြီ ဖြစ်ပါတယ်။ တောတောင်တွေထဲမှာ တစ်စုံတစ်ခု ဖြစ်ပျက်နေပြီဆိုရင် နိုင်ငံတော်သမ္မတအထိ အလွယ်သိရှိနိုင်ပြီ ဖြစ်ပါတယ်။

မတရားမှုများ

အဂတိလိုက်စားမှုများ

စီမံခန့်ခွဲမှုအလွဲများ

ခိုးဆိုးနှိုက်များ

စစ်ရေး ပြဿနာ

ငြိမ်းချမ်းရေး အတွေးအမြင်

ဈေးကွက်စီးပွားရေးစံချိုးဖောက်မှု

ပညာရေး/ကျန်းမာရေး

စသဖြင့် အထွေထွေ လူထုပြဿနာများကို နေ့စဉ် ဖုံးကွယ်ခြင်းငှာ မစွမ်းနိုင် တော့ပါဘူး။

မိဘပြည်သူများရှင်-

မင်းဆိုး/ အစိုးရဆိုး မှန်သမျှကို ရန်သူမျိုးငါးပါးထဲ ထည့်သွင်းရေတွက် ပြထားတဲ့ ဗုဒ္ဓဘာသာ အခြေခံ လူများစုဟာ မင်း/အစိုးရကို ထိန်းကျောင်းနိုင်တဲ့ အခွင့်အရေးရဖို့ ဒီမိုကရေစီခွင်ထဲမှာပဲ ဖြစ်နိုင်ပါတယ်။ ဒီမိုကရေစီနိုင်ငံရေး ရေစီးကြောင်းမှာ အစိုးရအဆက်ဆက် ပြောင်းလဲသွားကြရပေမယ့် ပြည်သူ ကတော့ ထာဝရသဘောဆောင်ပါတယ်။ နိုင်ငံတော်ဆိုတာကလည်း နယ်နိမိတ်နဲ့ ပြည်သူပေါင်းထားခြင်း ဖြစ်ပါတယ်။ ပြည်သူမရှိတဲ့ ရိုးရိုးမြန်မာပြည်မြေပုံဟာ အဓိပ္ပာယ်မရှိပါဘူး။ အဓိက အဖိုးတန်ဆုံးအရာဟာ ပြည်သူပါပဲ။ ပြည်သူ အများစုဟာ အစိုးရကို ထိန်းကျောင်းနိုင်လောက်တဲ့ အတွေးအမြင် အသိတရား ရှိနေဖို့ မလွဲမသွေ လိုအပ်ပါတယ်။ ဒါပေမယ့် အမှန်တကယ် အစိုးရတာဝန်ရှိသူ တွေဖြစ်ကြရင် အပေါ်စီးကို အလိုလိုရောက်ကြစမြဲ ဖြစ်လေတော့ ပြည်သူတွေ အတွက်ကတော့ ငါးနှစ်သက်တမ်းအတွင်း စနစ်တကျ ထိန်းကျောင်းနိုင်ဖို့ အထူးလိုအပ်ပါတယ်။ ကျွန်မတို့ရဲ့ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဟာ စတင်ထူထောင်စဉ်ကတည်းက ယခုတင်ပြခဲ့ပြီးတဲ့ ပြည်သူမှ အစိုးရကို အစဉ် တစိုက် ထိန်းကျောင်းနိုင်ရေးကို ဦးတည်ချက်ထားခဲ့တာသာလျှင် ဖြစ်ပါတယ်။ ပြည်သူအများစုက ကျွန်မတို့ရဲ့ ၂၁ ရာစု ခေတ်သစ်လုပ်ငန်းစဉ်ကို လက်ခံဖို့ ခဲယဉ်းနေသေးတာကို မြင်နေရပါတယ်။ ကျွန်မတို့ မျှော်လင့်တွက်ချက်ထားမှုနဲ့ တိုင်းတာကြည့်တဲ့အခါ ချိန်သားကိုက်တာကိုတော့ ရှုမြင်နိုင်ပါတယ်။ ကျွန်မတို့ မြန်မာ့လူ့အဖွဲ့အစည်းဟာ ခေတ်မီအသုံးအဆောင် သတင်းကွန်ရက်တွေကို စတင် ခံစားလာရတာ (၇) နှစ်သားလောက်ပဲ ရှိပါသေးတယ်။ ၂၀၁၂ နောက်ပိုင်း ရောက်မှသာ မိတ္တူကူးစက်နဲ့ ကွန်ပျူတာတွေဟာ အများပြည်သူသုံးအဖြစ် တရားဝင်ရောက်ရှိလာသလို ဖြစ်ပါတယ်။ ဒါဟာ ဘာကိုပြန်လည် သတိရစေချင် သလဲဆိုရင် စာပေဗဟုသုတပြန့်ပွားမှုဟာ အတော်ပိတ်ဆို့ခဲ့တယ်။ တက်စခရင် ဖုန်းတွေနဲ့ အင်တာနက်ကို လက်ဝယ်ပိုင်ဆိုင်ရရှိလာချိန်မှာတော့ စာပေကဏ္ဍ တိုးတက်လာပါတယ်။ အင်တာနက် စာမျက်နှာကနေ ဥပဒေမျိုးစုံ၊ ဘာသာရေးကျမ်းစာမြန်မာပြန်မျိုးစုံ၊ နိုင်ငံရေးစာပေမျိုးစုံ၊ နိုင်ငံရေးစနစ်မျိုးစုံကို အလွယ်တကူလေ့လာနိုင်ပြီ ဖြစ်ပါတယ်။ အင်တာနက်ကွန်ရက်ကို သာမန် ပြည်သူတွေကို အကျိုးရှိရှိအသုံးချကြပြီး မိမိတို့ကြီးပွားရေး၊ အစိုးရထိန်းကျောင်း ရေး စတဲ့လုပ်ငန်းတွေကို လုပ်ဆောင်နိုင်ပြီဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ မတူကွဲပြား ခြင်းနှင့် ငြိမ်းချမ်းရေးပါတီဟာ ရွေးကောက်ပွဲဥပဒေ အရ မဖြစ်မနေ မဲဆန္ဒနယ် သုံးနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ပေးရပေမယ့် ထာဝရပြည်သူအဖြစ် ရပ်တည် နေကြောင်း အသိပေးလိုပါတယ်။ ပြည်သူအများစုရဲ့ အမြင်အတွေး မှန်ကန်ရေး သာလျှင် အခရာကျနေတဲ့ အချိန်ကို ရောက်နေပြီဖြစ်ပြီး မိမိတို့ရဲ့ လိုလား ချက်ကို ဘယ်လိုနည်းလမ်းတကျ ဖော်ထုတ်ဖြန့်ဝေ တောင်းဆိုကြမလဲ ဆိုတာကို အာရုံစိုက်ကြဖို့ တိုက်တွန်း လိုပါတယ်။

ပုဂ္ဂလိကကို ဗဟိုပြုတည်ဆောက် ရင် ပုဂ္ဂလိက ဈေးကွက်စီးပွားရေး စနစ်နဲ့ သွားရပါတယ်။ နိုင်ငံတော်ကို ဗဟိုပြုတည်ဆောက် ရင် စီမံကိန်းနဲ့ သွားရပါတယ်။ ဒီနှစ်မျိုး ကွာဟချက်ကို - ဟိုးယခင်က လည်ပတ်ခဲ့တဲ့ အမ်ပီတီစနစ်နဲ့ ယခု နောက် ပေါ်ပေါက်လာတဲ့ တယ်လီနော စနစ်နှစ်ခုကို နမူနာပေးပြီး ရှင်းပြချင် ပါတယ်။ အမ်ပီတီစနစ်ဟောင်းတုန်းက ပြည်သူအခွန်ငွေနဲ့၊ ဘတ်ဂျက်နဲ့သာ လည်ပတ်ရတာ ဖြစ်ပါတယ်။ တာဝါတိုင် တည်ဆောက်တာ၊ ဆင်းကတ်တွေကို ရိုက်ထုတ်တာ၊ ကေဘယ်တွေ တပ်ဆင် တာ၊ ဝန်ထမ်းလစာ ရုံးမြေနေရာနဲ့ ရုံးအဆောက်အဦ အရာအားလုံး ပြည်သူ တွေရဲ့ဘတ်ဂျက်နဲ့ တည်ဆောက် လည်ပတ်ကြရတာ ဖြစ်ပါတယ်။ အခု နောက်ပေါ် တယ်လီနောကတော့ အရာအားလုံး သူတို့ရဲ့ ကိုယ်ပိုင်ပုဂ္ဂလိက ဘက်ဂျက်နဲ့သာ လည်ပတ်နေကြတာဖြစ်ပါတယ်။ ပြည်သူက သုံးစွဲသူအဆင့် သာ ဖြစ်တယ်။ ယခင် အမ်ပီတီဝန်ထမ်းတွေရဲ့ လစဉ်လစာငွေသာမက ပင်စင် လစာကိုပါ ပြည်သူ့ဘတ်ဂျက်က ပေးရတာဖြစ်ပါတယ်။ တယ်လီနောအတွက် တော့ ပြည်သူ့ဘတ်ဂျက်ကနေ ပေးစရာမလိုပါဘူး။ (ဒီလိုကွဲပြားပါတယ်။) အမ်ပီတီအမြတ်ရခဲ့ရင် နိုင်ငံတော်အမြတ်ဖြစ်ပြီး တယ်လီနောကို အခွန် ကောက်လို့ရတာကလည်း နိုင်ငံတော်အမြတ် ဖြစ်လာတာပါပဲ။ အမ်ပီတီ အရှုံးပြခဲ့ရင် ပြည်သူတွေ ရှုံးတာဖြစ်ပြီး တယ်လီနော အရှုံးပြခဲ့ရင်တော့ ပြည်သူတွေ ရှုံးစရာမလိုပါဘူး။ ဒီလိုကွဲပြားခြားနားပါတယ်။ ဒါဟာ ပုဂ္ဂလိက ဗဟိုပြု ဈေးကွက်စီးပွားရေးစနစ် ကမ္ဘာတစ်လွှားမှာ အောင်ပွဲခံရခြင်း အကြောင်းရင်းပါပဲ။ လယ်ယာမြေနဲ့ ပတ်သက်ပြီး ပြောရရင်လည်း ဟိုးယခင် စနစ်တွေက လယ်စိုက်သူတွေက လယ်စိုက်နေဆဲကာလပဲ လုပ်ပိုင်ခွင့် ရကြပါတယ်။ အဲဒါကို လယ်လုပ်သူ လယ်ပိုင်ခွင့်လို့ ဆိုရှယ်လစ်စကားလုံး နဲ့ ခေါ်ဝေါ်ပါတယ်။ လယ်မစိုက်တော့တဲ့နေ့ ပြန်အပ်နှံရပါတယ်။ ပေါင်နှံငှားရမ်းရောင်းချခွင့် မရှိခဲ့ပါဘူး။ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့မှာ ယခင်စနစ်ဟောင်းတွေကို အပြီးပိုင်ဖျက်သိမ်းလိုက်ပြီး ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေနဲ့ အစားထိုးလိုက်ပါတယ်။ ၂၀၁၂ လယ်ယာမြေဥပဒေ အရ ပုံစံ (၇) ထုတ်ပေးပြီး ပေါင်နှံ ရောင်းချငှားရမ်းခွင့် ရခဲ့ပါတယ်။ ဒါပေမယ့် လယ်ယာမြေ အခြားနည်းအသုံးပြုခွင့်ကို ခွင့်ပြုမယ့်ပုံစံရှိပေမယ့် အခြားနည်းအသုံးပြုခွင့်ရဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။ ယနေ့ခေတ် လယ်တစ်ဧကစိုက်ပျိုးစရိတ်နဲ့ စပါးအထွက်နှုန်း ဈေးနှုန်း တွက်ချက်ကြည့်ရင် စပါးတစ်ရာသီကို အမြတ်ငွေတစ်သိန်းမှ နှစ်သိန်းထိလောက် ရကြပါတယ်။ တစ်နှစ်အတွက် နှစ်သိန်းမှ လေးသိန်းအထိ မြတ်နိုင်ပါတယ်။ ဒါကလည်း တောင်သူမိသားစုရဲ့ လုပ်အားကို သုညထားပြီး တွက်ချက်မှ အမြတ် ပေါ်လာတာ ဖြစ်ပါတယ်။ တောင်သူမိသားစုလုပ်အားကိုသာ တန်ဖိုးသင့်ရရင် ထာဝရအရှုံးပေါ်နေတယ်လို့ ရှုမြင်နိုင်ပါတယ်။ ဒီပြဿနာကိုကုစားဖို့ နည်းမျိုးစုံနဲ့ ပြောနေကြပေမယ့် ကျွန်မတို့ နားလည်တာကတော့ သိပ်ကိုရိုးရှင်းပါတယ်။ (စပါးပိုလျှံထုတ်လုပ်မှု)ရှိနေသမျှ ကာလပတ်လုံး စပါးဈေးကောင်းမလာပါဘူး။ အခြားနည်းသုံးစွဲခွင့်ကို လယ်ကန်သင်း တင် လယ်သမားတွေရဲ့ ခွင့်ပြုထောက်ခံချက်ရရင် သုံးစွဲနိုင်ခွင့်မပေးသမျှ ကာလပတ်လုံး အစိုးရဌာနဆိုင်ရာတွေရဲ့ ခွင့်ပြုချက်ကိုရမှ အခြားနည်းသုံးစွဲ ခွင့်ရမယ်ဆိုရင် စပါးပိုလျှံထုတ်လုပ်မှုရှိနေပြီး တောင်သူတွေ အစဉ်တစိုက် အရှုံးပြနေမှာဖြစ်ပါတယ်။ ဈေးကွက်စီးပွားရေးစနစ်မှာ မကိုက်ရင် အခြားနည်း လုပ်ဖို့ပဲ လမ်းညွှန်ချင်ပါတယ်။ တောင်သူလယ်သမားဆိုတဲ့ စကားရပ်ကို တောင်သူတွေကိုယ်တိုင်က ဖျက်သိမ်းပြီး မြေပိုင်ရှင်လို့ ခံယူရဲဖို့ လိုအပ်ပါပြီ။ တောင်သူအခွင့်အရေးတောင်းနေရင် မှားယွင်းနေပြီး မြေပိုင်ရှင်အခွင့်အရေးကို ဈေးကွက်စီးပွားရေးစနစ်နဲ့အညီ တောင်းယူကြရမှာသာဖြစ်ပါတယ်။ လယ်မြေ တစ်ဧကပေါ် နေဗီယာမြက်စိုက်ပြီး နွားပေါက်နှစ်ကောင်ကို တစ်နှစ်လောက် ကျွေးနေရင် ဆယ့်ငါးသိန်းလောက် အမြတ်ရနိုင်ပါတယ်။ ဈေးကွက်က စပါး တွေကို ဈေးကောင်းပေးဖို့ မလိုအပ်လို့ စပါးဈေးကျနေတာကို မြင်နိုင်ပါတယ်။

မိဘပြည်သူအပေါင်းရှင့် -

ကျွန်မတို့ပါတီကို ဆက်သွယ်ဝင်ရောက်ပြီး မြို့တိုင်းမြို့တိုင်း ဆက်သွယ် ရေးရုံးတွေ ဖွင့်ကြစေလိုပါတယ်။ ကျွန်မတို့ရဲ့ နည်းပေးလမ်းပြ စကားလုံးတွေရဲ့ တန်ဖိုးကို သိကြမယ်ဆိုရင် အတူပူးပေါင်းပါဝင်လေ့လာကြဖို့ လိုအပ်ပြီ ဖြစ်ကြောင်း၊ အာဏာဟာတန်ဖိုး သိပ်ရှိတာမဟုတ်ကြောင်း၊ ပြည်သူလူများစုရဲ့ အသိပညာကသာ တန်ဖိုးရှိတာဖြစ်ကြောင်း အသိပေးနှိုး ဆော်ရင်း COVID-19 ကပ်ရောဂါဘေးမှ ကင်းဝေးပြီး ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းမေတ္တာ ပေးပို့ရင်း နိဂုံးချုပ် အပ်ပါတယ်ရှင်။

ကျေးဇူးတင်ပါတယ်ရှင့်။