Skip to main content

ခေတ်သစ်ပြည်သူ့ပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ

နေပြည်တော် စက်တင်ဘာ ၁၃

ခေတ်သစ်ပြည်သူ့ပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်ရီရီစံက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၁၃ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

မိတ်ဆက်စကား

အားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သ ဂါရဝပြုပါတယ်။ .

ကျွန်မကတော့ ခေတ်သစ်ပြည်သူ့ပါတီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၊ အထွေထွေအတွင်းရေးမှူး ဒေါ်ရီရီစံ (ကလောင်ခင်ဝင်းစံ) ဖြစ်ပါတယ်။ ခေတ်သစ်ပြည်သူ့ပါတီဟာ နိုင်ငံရေးအတွေ့အကြုံ အစဉ်အလာနဲ့ ပေါ်ပေါက် လာတဲ့ ပါတီဖြစ်ပါတယ်။ ၁၉၈၀ ခုနှစ်နဲ့ ၁၉၈၀ ခုလွန်ကာလ များတွင် စီးပွားရေးနဲ့ နိုင်ငံရေးကို ဗဟိုကချုပ်ကိုင်တဲ့ ကမ္ဘာ့ဆိုရှယ်လစ်စနစ် အမှားကို ဖော်ထုတ်တင်ပြပြီး ဈေးကွက်စီးပွားရေးနဲ့ ဒီမိုကရေစီ (အရင်းရှင်စနစ်)ရဲ့ အမြင့်ဆုံးအဆင့်က တစ်ဆင့်သာ ငြိမ်းချမ်းစွာ ဖြစ်ပေါ်လာမယ့် ခေတ်သစ်သိပ္ပံ ဆိုရှယ်လစ်စနစ်ကို တင်ပြလာခဲ့တဲ့ ခေတ်သစ်သိပ္ပံ နိုင်ငံရေးဘောဂဗေဒ လေ့လာရေး ကျောင်းတော်သားစုက ပေါ်ပေါက်လာတဲ့ပါတီလည်း ဖြစ်ပါတယ်။ မူဝါဒသုတေသန လုပ်ငန်း များကို နှစ်ပေါင်း (၃၀)ကျော် လုပ်ကိုင်လာတဲ့ ပါတီလည်း ဖြစ်ပါတယ်။ ပါတီရဲ့ အမှတ်တံဆိပ် ကမ္ဘာလုံးပေါ်က သေး၊ လတ်၊ ကြီး ကြယ်သုံးပွင့်ဟာ ပါတီရဲ့မဟာဗျူဟာ ဦးတည်ချက်ဖြစ်တဲ့ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ တစ်လောကလုံးဆိုင်ရာ လွတ်မြောက်ရေး ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖွဲ့စည်းထားတဲ့ပါတီ ဖြစ်ပါတယ်။ ပါတီကို ဗဟိုအလုပ်အမှုဆောင်ကော်မတီ(၇) ဦး၊ ဗဟိုကော်မတီဝင် (၁၀) ဦး၊ အရန် ဗဟိုကော်မတီဝင် (၁၂) ဦးတို့က ဦးဆောင်ပါတယ်။ ပါတီဥက္ကဋ္ဌက ဦးထွန်း အောင်ကျော် ဖြစ်ပါတယ်။ တိုင်းဒေသကြီးများမှာ ဝင်ရောက် ယှဉ်ပြိုင် အရွေးခံသွားမယ် ဖြစ်ပါတယ်။

လမ်းညွှန်သဘောတရား

သတ္တလောကတွင် လူဟာ အသိဉာဏ်အရှိဆုံး သတ္တဝါဖြစ်တယ်လို့ လူမှု သိပ္ပံပညာရှင်ကြီးများက ဆိုပါတယ်။ ဒါကြောင့် ကမ္ဘာပေါ်တွင် လူရယ်လို့ စတင်ပေါ်ပေါက်လာချိန်ကစပြီး ဘယ်လိုပင် ကပ်ဘေးအမျိုးမျိုးကြုံခဲ့ရသော် လည်း အရေအတွက် အရရော၊ အရည်အချင်းအရပါ ပြောင်းလဲ တိုးတက်လာနေတာ ဖြစ်ပါတယ်။ အရေအတွက်အရ လူစတင်ပေါ်ပေါက်လာချိန်က အနည်း ငယ်သာရှိခဲ့ပြီး ဒီကနေ့ ၂၁ ရာစုတွင် ရှစ်ဘီလီယံကျော်လာနေပြီ ဖြစ်ပါတယ်။ အရည်အချင်းအရလည်း ရှေးဟောင်း ကျောက်ခေတ်လူသားကနေပြီး ဒီကနေ့ နှောင်းခေတ် အီလက်ထရွန်နစ် အဆင့်မြင့်နည်းပညာ (အိုင်တီ)ခေတ် လူသား အထိ ပြောင်းလဲတိုးတက်လာတာဖြစ်ပါတယ်။ ရှေ့ကိုလည်း ဧကန်ပြောင်းလဲ တိုးတက်နေမယ်ဖြစ်တယ်။ ဒါကြောင့် ဒီမိုကရေစီဟာ သမိုင်းနိဂုံးမဟုတ်။ ဈေးကွက်စီးပွားရေးနဲ့ ဒီမိုကရေစီ (အရင်းရှင်စနစ်)ထက် အဆင့်မြင့်သော အစိုးရအုပ်ချုပ်ဖို့ မလိုအောင် ယဉ်ကျေးတိုးတက်တဲ့ ခေတ်သစ်သိပ္ပံဆိုရှယ်လစ် စနစ်(တစ်လောကလုံးဆိုင်ရာ လွတ်မြောက်ရေး ခေတ်) သို့ မလွဲဧကန်အမှန်ပင် ရောက်လာမယ်။ အဲဒီလို တစ်လောကလုံးဆိုင်ရာ လွတ်မြောက်ရေးခေတ်သို့ ရောက်ရှိရေးအတွက် ဈေးကွက် စီးပွားရေးနဲ့ ဒီမိုကရေစီ (အရင်းရှင်စနစ်) အစွမ်းကုန်ဖွံ့ဖြိုးတိုးတက်ရန် မဖြစ်မနေ လိုအပ်တယ်လို့ ခေတ်သစ်ပြည်သူ့ ပါတီက ခံယူပါတယ်။

ယနေ့ ၂၁ ရာစုဟာ ပညာခေတ်ကို ရောက်လာတဲ့အတွက် ပညာ နိုင်ငံရေး ကသာ အဆုံးအဖြတ် ဖြစ်လာတယ်။ ခေတ်သစ်ပြည်သူ့ပါတီက ခံယူ ကျင့်သုံးတဲ့ ပညာနိုင်ငံရေးအလုပ် လမ်းညွှန်တရား (၄) ပါးရှိပါတယ်။

ပညာနိုင်ငံရေး အလုပ်လမ်းညွှန်တရား (၄) ပါး

၁။ အကန်းယုံ၊ အရမ်းယုံ မယုံကြဘဲ သိပ္ပံပညာမျက်စိနဲ့သာ ဆင်ခြင်ကြပါစို့။

၂။ ဆင်ခြင်တုံတရားမဲ့၊ ဆန္ဒစွဲယုံကြည်မှုတွေကိုစွန့်လွှတ်ပြီး အသိအလိမ္မာ ဉာဏ်ပညာကိုသာ အားကိုးကြပါစို့။

၃။ စနစ်တကျ လေ့လာသုံးသပ်မှု ကင်းမဲ့တဲ့ဘဝကို စွန့်လွှတ်ပြီး လေးနက်တဲ့ အဘိဓမ္မာပေါ်မှာသာ အခြေခံကြပါစို့။

၄။ ဆင်ခြင်တုံတရားမဲ့ အစွဲအလမ်းဟောင်းတွေပေါ်မှာ မျက်စိမှိတ် ဆုပ်ကိုင်ထားသူတွေနဲ့စာရင် အရိုးခံသက်သက် သာမန်ပြည်သူတွေကမှ အမှန်တရားနဲ့ ပိုလို့နီးစပ်ပါသေးတယ်။

မူဝါဒလမ်းစဉ်၊ လုပ်ငန်းစဉ်များ

(၁) နိုင်ငံရေး

ပြည်သူတို့ရဲ့ နိုင်ငံရေးလွတ်လပ်မှု၊ မိမိတို့ကံကြမ္မာ မိမိတို့ လွတ်လပ်စွာ ဖန်တီးနိုင်မှုကို အာမခံချက်ပေးနိုင်တဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံး မယ်။ ပြည်သူကို ဗဟိုပြုသော လူမှုသိပ္ပံတရား (၄)ပါး (ဝါ) လောကပါလတရား (၄) ပါးကို ခံယူကျင့်သုံးမယ်။

ဒီလောကပါလတရား (၄) ပါးကတော့

(၁) လူထုတွေ မပါရင် ဘာမှမလုပ်နိုင်။

(၂) လူထုရွေးကောက်ပွဲတွေမပါရင် ဘာမှမလုပ်နိုင်။

(၃) လူထုတွေရဲ့ အခြေခံအကျိုးစီးပွားနဲ့ ကိုက်ညီမှန်ကန်တဲ့ မူဝါဒ လမ်းစဉ်တစ်ရပ်ကို လူထုကို ကင်းကင်းလွတ်လွတ် ရွေးချယ်ခွင့်ပြု ရမယ်။

(၄) အဲဒီလို မပြုရင် လူထုတွေဟာ သူ့လမ်းသူ ရွေးချယ်သွားလိမ့်မယ်။

ရွေးကောက်ပွဲစနစ်တွင်လည်း မြန်မာ့လူ့အဖွဲ့အစည်းနဲ့ ကိုက်ညီမှန်ကန်စွာ မဲအများဆုံး နိုင်သူစနစ်နဲ့ အချိုးကျ ရွေးကောက်ပွဲစနစ် နှစ်ရပ်ကို ကျင့်သုံးသွား မယ်။ (နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုလည်း နိုင်ငံနဲ့ ပြည်သူ့အကျိုးအတွက် လိုအပ်သလို ပြင်ဆင်သွားမယ်)

(၂) စီးပွားရေး

ပြည်သူတို့ရဲ့ စီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အာမခံချက်ပေးနိုင်သော တံခါးဖွင့် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးမယ်။ လွတ်လပ်စွာ ပြိုင်ဆိုင် ထုတ်လုပ် ရောင်းဝယ်ခွင့်ပြုမယ်။ ဒီမိုကရေစီနိုင်ငံများတွင် အများဆန္ဒနဲ့ ဆုံးဖြတ်ရတဲ့အတွက် ပြည်သူတွေအသိဉာဏ်ရည် မြင့်မားဖို့လိုပါတယ်။ ပြည်သူ တွေ အသိဉာဏ်ရည်မြင့်မားရေးအတွက် ပြည်သူတွေရဲ့ လူနေမှုအဆင့် အတန်း မြင့်မားဖို့လိုပါတယ်။ ပြည်သူတွေ လူနေမှုအဆင့်အတန်း မြင့်မားရေးအတွက် ပြည်သူတွေရဲ့ စီးပွားရေးကုန်လုပ် စွမ်းအားစုများ ခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့ လိုပါ တယ်။ ဒါကြောင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားလုပ်ငန်းရှင် ကြီးများ ပေါ်ပေါက်လာရေးကို အစွမ်းကုန်ကြိုးပမ်းသွားမယ်။ စီးပွားရေး ကုန်လုပ် စွမ်းအားစုတွေရဲ့ တိုးတက်ဖြစ်ပေါ်ရေးဟာ လူ့အဖွဲ့အစည်း ရှေ့တန်းတက်လှမ်း ရေးရဲ့ အဆင့်အတန်းအမြင့်ဆုံးသော ညွှန်းလက် (ဝါ) မှတ်ကျောက်ဖြစ်တယ်။

(၃) ကာကွယ်ရေး

နိုင်ငံလွတ်လပ်ရေးကို အသက်ပေးတိုက်ပွဲဝင်လာခဲ့ပြီး လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ ပြည်ထောင်စု မပြိုကွဲရေး၊ မိမိတို့နိုင်ငံရဲ့ ကံကြမ္မာကို မိမိတို့လွတ်လပ်စွာ ဖန်တီးရေးနဲ့ ပြည်သူတို့ရဲ့ အသက်အိုးအိမ် စည်းစိမ်ဥစ္စာများကို အသက်ပေးကာကွယ်လာခဲ့သော၊ ကာကွယ်လျက်ရှိသော အမျိုးသားတပ်မတော်ဟာ ခေတ်မီစွမ်းရည်မြင့် တပ်မတော် ဖြစ်ရမယ်။

(၄) တိုင်းရင်းသားလူများအရေး

ကျဉ်းမြောင်းသော လူမျိုးစွဲ၊ ဝါဒကင်းရှင်းစွာ တိုင်းရင်းသားလူမျိုးများ တန်းတူရည်တူအခွင့်အရေးရှိသော စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ထူထောင်မယ်။ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ ပြည်ထောင်စု မပြိုကွဲရေး၊ မိမိတို့နိုင်ငံရဲ့ကံကြမ္မာကို မိမိတို့ လွတ်လပ်စွာဖန်တီး ရေး အမျိုးသားရေးတာဝန်ကြီးကို ကျေပွန်စွာ ထမ်းဆောင်သွားမယ်။

(၅) အမျိုးသားသင့်မြတ်စည်းလုံးရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး

ခေတ်သစ်ပြည်သူ့ပါတီဟာ ဖြစ်နိုင်လျှင် ငြိမ်းချမ်းစွာ ဆောင်ရွက်မည်။ မဖြစ်နိုင်မှသာ အကြမ်းဖက်ရမည်ဆိုတဲ့ မီးစတစ်ဖက် ရေမှုတ်တစ်ဖက် လမ်းစဉ် မျိုး လုံးဝမဟုတ်ဘဲ အကြွင်းမဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို ခံယူပါတယ်။ ပြည်တွင်း ပြည်ပတွင် လက်နက်ကိုင် အတိုက်အခံများ ဖြစ်လာရင်လည်း ဘယ်ဘက်က တာဝန်ဘယ်လောက်ရှိတယ်၊ မရှိဘူးဆိုတာကို ပွင့်ပွင့်လင်းလင်း ထောက်ပြပြီး အတိုက်အခိုက်ရပ်စဲရေး ငြိမ်းချမ်းရေးအတွက် အစွမ်းကုန်ကြိုးပမ်းသွား မယ်။ စစ်ဟာ သေခြင်းတရားလို ရှောင်လွှဲလို့မရတဲ့ အရာမဟုတ်။ အကြောင်းအမျိုးမျိုး ကြောင့် မလွှဲမရှောင်သာ စစ်ပွဲကြီးငယ်များ ဖြစ်ပွားကြသော်လည်း ကမ္ဘာတွင် ကောင်းသောစစ်နဲ့ ဆိုးသော ငြိမ်းချမ်းရေးရယ်လို့ မရှိနိုင်ပါ။ ဒီကနေ့ ကမ္ဘာတွင် သက်တမ်းအရှည်ကြာဆုံး စာရင်းဝင်ဖြစ်လာတဲ့ မြန်မာနိုင်ငံ ပြည်တွင်းစစ်မှာ နှစ်ဖက်တိုက်ခိုက်လာခဲ့ကြတဲ့ တိုင်းရင်းသားများရဲ့ အသက်ပေါင်းများစွာ သေဆုံးခဲ့ပြီး ကြားက မြေစာပင်ပြည်သူများရဲ့ အသက်အိုးအိမ်စည်းစိမ်ဥစ္စာ တို့လည်း များစွာဆုံးရှုံးခဲ့ရပြီး ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံရဲ့ စီးပွားရေးကုန်လုပ် စွမ်းအားစုများလည်း များစွာပျက်စီး ဆုတ်ယုတ်ခဲ့ရပါတယ်။ ဒါကြောင့် ခါးသီး နာကြည်း နောင်ကြဉ်စရာ သမိုင်းသင်ခန်းစာကို ရယူပြီး အမျိုးသားသင့်မြတ် စည်းလုံးရေး၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး၊ ထာဝရ ပြည်တွင်း ငြိမ်းချမ်းရေး၊ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရေးကို မဖြစ်မနေ ကြိုးပမ်းသွားမယ်။

(၆) ဘာသာရေး

မိမိကြိုက်နှစ်သက်ရာ ဘာသာကို လွတ်လပ်စွာကိုးကွယ်ခွင့်၊ လွတ်လပ်စွာ ဘာသာ သာသနာအကျိုးကို ဆောင်ရွက်ခွင့်ရှိတယ်။ နိုင်ငံရေးကို ဘာသာရေးနဲ့ ရောထွေးကျင့်သုံးခွင့် မပြုပါ။

(၇) နိုင်ငံခြားရေး

ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ဘန်ဒေါင်းမူကြီး (၅) ချက်ကို ကျင့်သုံး မယ်။ လွတ်လပ်သော နိုင်ငံခြားရေးမူဝါဒနဲ့အညီ နိုင်ငံတကာ ပြည်သူအကျိုးကို ကုလသမဂ္ဂအဖွဲ့ကြီးတွင် ပါဝင်ပူးပေါင်းဆောင်ရွက်သွားမယ်။

(၈) အမျိုးသား၊အမျိုးသမီး ကျား-မ တန်းတူရေး

ဒီမိုကရေစီနိုင်ငံ ထူထောင်ရာတွင် ကျား-မ တန်းတူရေး မရှိဘူးဆိုရင် ဘယ်လိုမှ ဒီမိုကရေစီမထွန်းကားနိုင်ပါ။ ဒါကြောင့် ခေတ်သစ်ပြည်သူ့ပါတီက (၁) အမျိုးသမီးများဝန်ဒဏ်(၃)ရပ်က လွတ်မြောက်ရေး၊ (၂) အမျိုးသမီးများ စွမ်းဆောင်ရည် တည်ဆောက်သွားရေး၊ (၃) (CEDAW) စာချုပ်ပါ သဘောတူညီ ချက်အတိုင်း အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုများပပျောက်ရေး၊ (၄)ခက်မသုံးဖြာ အာဏာသုံးရပ်တွင် အမျိုးသမီးများ အချိုးကျ ပါဝင်ရေးတို့ကို မဖြစ်မနေ ကြိုးပမ်းသွားမယ်။

ပညာရေး

လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်သော ပညာရေးစနစ်ကို ကျင့်သုံးမယ်။ ပုဂ္ဂလိကများကို လွတ်လပ်စွာ ပါဝင်လုပ်ကိုင်ဆောင် ရွက်ခွင့်ပြုမယ်။ လူငယ်များဟာ အနာဂတ်ဖြစ်တဲ့အတွက် လူငယ်များ ရဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးကို မူဝါဒချမှတ် ဆောင် ရွက်သွားမယ်။

ကျန်းမာရေး

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင် ရေးကို နိုင်ငံတော်က တာဝန်ယူ ဆောင်ရွက်မယ်။ ခေတ်မီဆေးဝါး ထုတ်လုပ်ရေးနဲ့ ဆေးပညာရပ်များ ဆိုင်ရာ သုတေသနလုပ်ငန်းများကို အားပေးသွားမယ်။ ပုဂ္ဂလိက လုပ်ငန်းများကိုလည်း လွတ်လပ်စွာလုပ်ကိုင်ခွင့် ပြုမယ်။

တောင်သူလယ်သမားများအရေး

ဒီမိုကရေစီနိုင်ငံ ထူထောင်နေတဲ့ မြန်မာနိုင်ငံတွင် လူဦးရေ ၇၀ ရာခိုင်နှုန်း ခန့်ရှိတဲ့ တောင်သူလယ်သမားလူတန်းစားများ ခေတ်မီဖွံ့ဖြိုးတိုးတက်ရန် မဖြစ်မနေ လိုအပ်ပါတယ်။ ဒါကြောင့် ဒီကနေ့ နိုင်ငံတကာတွင် ကျင့်သုံးနေတဲ့ မြေယာစနစ်သုံးမျိုးထဲက အကြွင်းမဲ့မြေရှင်စနစ် ၊ စည်းမျဉ်းခံ မြေရှင်စနစ် များ လုံးဝကင်းရှင်းသော လွတ်လပ်တဲ့မြေယာစနစ်ကို ကျင့်သုံးမယ်။ မြန်မာ့ မြေယာသမိုင်းတွင် မြန်မာရှင်ဘုရင်များခေတ် မြေယာစနစ်၊ အင်္ဂလိပ်ခေတ် မြေယာစနစ်၊ လွတ်လပ်ရေးရပြီး ဖဆပလခေတ် မြေယာစနစ်၊ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် မြေယာစနစ်၊ ၁၉၈၈ခုနှစ်နောက်ပိုင်း တပ်မတော် အစိုးရခေတ် မြေယာစနစ်နဲ့ ပါတီစုံဒီမိုကရေစီအစိုးရခေတ် မြေယာစနစ်များရဲ့ အားနည်းချက်၊ အားသာချက်များကိုသုတေသနပြုပြီး တောင်သူလယ်သမား လူတန်းစားများ ဆင်းရဲနွမ်းပါးမှုက လွန်မြောက်ရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက် ပါတီရဲ့ မြေယာမူဝါဒ (၁၁)ရပ်ကို ကျင့်သုံးမယ်။ လွတ်လပ်စွာ တောင်သူ လယ်သမားအစည်းအရုံးများ ဖွဲ့စည်းပြီး တောင်သူလယ်သမားအကျိုး ဆောင်ရွက်ခွင့်ပြုမယ်။

အလုပ်သမားလူတန်းစားများအရေး

လုပ်ငန်းရှင်နဲ့ အလုပ်သမား လူတန်းစား (၂)ရပ်ဟာ လူ့အဖွဲ့အစည်း ရှေ့သို့ တက်လှမ်းရေးရဲ့ အဓိကမောင်းနှင်အား ဖြစ်တယ်။ လုပ်ငန်းရှင်မရှိရင် အလုပ်သမားမရှိနိုင်သလို အလုပ်သမားမရှိရင်လည်း လုပ်ငန်းရှင် မရှိနိုင်ပါ။ ဒါကြောင့် လုပ်ငန်းရှင်နဲ့ အလုပ်သမားလူတန်းစားများအကြား ပေါ်ပေါက်တဲ့ ပဋိပက္ခဟာ ပေါင်းစပ်ဖြေရှင်းသွားရမယ့် ပဋိပက္ခသာဖြစ်တယ်။ အချို့ လက်ဝဲစွန်းဝါဒီတွေက အရင်းရှင်(လုပ်ငန်းရှင်) လူတန်းစားဟာ အလုပ်သမား တွေအပေါ် မတရားခြယ်လှယ် သွေးစုပ်အမြတ် ထုတ်တယ်လို့ ယူဆကြပါ တယ်။ လုပ်ငန်းရှင်ကြီးငယ်များက အလုပ်သမားတွေအပေါ် ဘယ်လိုမှ မတရားခြယ်လှယ် သွေးစုပ်အမြတ်မထုတ်နိုင်ပါ။ ဘာကြောင့်လဲဆိုတော့ ဒီမိုကရေစီနိုင်ငံများတွင် လုပ်ငန်းရှင် မဲတစ်ပြားဆိုရင် အလုပ်သမားမဲပြား ပေါင်းများစွာနဲ့ State Power ကို ဖန်တီးနိုင်လို့ ဖြစ်တယ်။ State Power ဆိုတာ အုပ်ချုပ်ရေးအာဏာနဲ့ ဥပဒေပြုရေးအာဏာ ဖြစ်တယ်။ အလုပ်သမား လူတန်းစားများ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်သမားများ အခြေအနေ အချိန်အခါအရ ထိုက်သင့်တဲ့ လုပ်ခလစာရရှိရေး၊ အလုပ်သမားအခွင့်အရေး များ ပြည့်ဝရေး၊ အလုပ်သမားများ လူနေမှုအဆင့်အတန်း မြင့်မားရေးကို ကြိုးပမ်းသွားမယ်။ လွတ်လပ်စွာ အလုပ်သမား အစည်းအရုံးများ ဖွဲ့စည်းပြီး အလုပ်သမားအကျိုးကို ဆောင်ရွက်ခွင့်ပြုမယ်။

နိဂုံးချုပ်အနေနဲ့

အရာရာတွင် အမှန်တရားကသာ အဆုံးအဖြတ်ဖြစ်ပါတယ်။ ဒါပေမယ့် မှန်တဲ့ မူဝါဒ လမ်းစဉ်တစ်ရပ်ရှိရုံနဲ့ တိုက်ရိုက်အောင်ပွဲခံရမယ်လို့ အဓိပ္ပာယ် မရပါ။ မှန်တဲ့မူဝါဒလမ်းစဉ်ကို ကိုင်စွဲထားသူတွေရဲ့ မှန်တဲ့ လက်တွေ့အလုပ်က သာ အောင်ပွဲကို အဆုံးအဖြတ်ပေးနိုင်ပါတယ်။

ဒါကြောင့် ခေတ်သစ်ပြည်သူ့ပါတီရဲ့ မိမိကိုယ်ကိုယ် ဝေဖန်ရေးနှင့် ဝေဖန် ရေးသည် မိမိတို့ကိုယ်တွင်ရှိသော အညစ်အကြေးများ၊ အမှားများနှင့် ချို့ယွင်း အားနည်းချက်များကို ဆေးကြောသန့်စင်ရာမည်သည်ဟု ခံယူရမည်။ မိမိကိုယ်ကိုယ် ဝေဖန်ရေးဖြင့် အစဉ်တိုးတက်နေအောင် ကြိုးပမ်းရမည်။ ခေါင်းဆောင်မှုအရည်အချင်းများ အစဉ်တိုးတက်နေစေရေးအတွက် အတွေ့အကြုံ ကြွယ်ဝခြင်း၊ ဆင်ခြင်တုံတရားရှိခြင်း၊ အစဉ်သတိဝီရိယရှိခြင်း၊ စည်းကမ်းနှင့် အကျင့်သိက္ခာရှိခြင်း၊ တည်ကြည်ရိုးသားဖြောင့် မတ်ခြင်း၊ စေ့စပ်သေချာခြင်း၊ အများအကျိုးကို အစဉ်ရှေးရှု ဆောင်ရွက်ခြင်းများကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲအောင်ကြိုးပမ်းနေရမည်။ ခက်ခဲနက်နဲသော အလုပ်ကို လုပ်ဖို့ ကြောက်သူသည် မတိုးတက်၊ တိုးတက်မှုကို လိုလားသူသည် ခက်ခဲ နက်နဲသော အလုပ်ကို မကြောက်ရဆိုသည့် ပါရမီရှင်တို့၏ ထုံးနှလုံးမူ၍ တစ်လောကလုံးဆိုင်ရာ လွတ်မြောက်ရေးတရား၏ မဟာတာဝန်ကို ထမ်းဆောင်နိုင်ရမည် စတဲ့ ပါတီဝင်ကျင့်ဝတ်များကို မြဲခိုင်စွာကျင့်သုံးပြီး တင်ပြခဲ့သော ပါတီရဲ့ သဘောတရားရေး၊ နိုင်ငံရေး၊ မူဝါဒလမ်းစဉ် လုပ်ငန်းစဉ် များ အောင်မြင်ရေး၊ သုံးလွန်းတင်ဒီမိုကရေစီခေတ်မီနိုင်ငံ ထူထောင်ရေး သမိုင်းပေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်သွားပါမယ်ဆိုတာကို တင်ပြ အစီရင်ခံရင်း နိဂုံးချုပ်အပ်ပါတယ်။

မိဘပြည်သူအပေါင်း ကာယသုခ၊ စိတ္တသုခ ပြည့်ဝကြပါစေ။