နေပြည်တော် ဩဂုတ် ၃
တပ်မတော်တွင် ပထမအကြိမ် အသည်းအစားထိုးခွဲစိတ်ကုသမှုကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် အသည်းအစားထိုးလူနာနှစ်ဦးဖြင့် အောင်မြင်စွာ ခွဲစိတ်ကုသဆောင်ရွက်နိုင်ခဲ့သည်။ အသည်းအစားထိုးခွဲစိတ်ကုသမှုအား ဆက်လက်ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ်အတွင်း အသည်းအစားထိုး ခွဲစိတ်ကုသမှု သုံးကြိမ်၊ လူနာကိုးဦးနှင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလနှင့် မေလတို့တွင် လူနာခြောက်ဦးတို့အား အောင်မြင်စွာ ထပ်မံခွဲစိတ် ကုသဆောင်ရွက်ပေးနိုင်ခဲ့သည်။ ယခုအခါ သတ္တမအကြိမ် အသည်းအစားထိုးခွဲစိတ်ကုသမှုအား လူနာသုံးဦးဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပထမနေ့ အသည်းအစားထိုးခွဲစိတ်ကုသမှုကို ၂၀၂၄ ခုနှစ် ဩဂုတ် ၃ ရက်တွင် မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး(ခုတင် ၁၀၀၀)၊ အထူးကုသမှုစင်တာ၌ ပြုလုပ်ခဲ့သည်။
အဆိုပါ အသည်းအစားထိုးခွဲစိတ်ကုသမှုကို တပ်မတော်မှ အသည်းအစားထိုးခွဲစိတ်ကုသမှုအဖွဲ့နှင့် အိန္ဒိယနိုင်ငံမှ အသည်းအစားထိုးခွဲစိတ်ကုသမှုအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး လူနာဖြစ်သူ ဦးတင်ယုနှင့်တူမဖြစ်သူ အသည်းအလှူရှင် မသီရိဝင်းကို တို့ကိုခွဲစိတ်ကုသခဲ့ခြင်းဖြစ်သည်။
အသည်းအစားထိုး ခွဲစိတ်ကုသမှုဆောင်ရွက်ရာတွင် အသည်းအလှူရှင်လူနာထံမှ အသည်းထုတ်ယူခြင်းကို နံနက် ၉ နာရီခွဲတွင် စတင်ခဲ့ပြီး ထုတ်ယူရရှိသောအသည်းကို ညနေ ၅ နာရီခွဲခန့်တွင် အသည်းလက်ခံလူနာထံသို့ အစားထိုးခွဲစိတ်ကုသခြင်းဆောင်ရွက်ခဲ့ကာ စုစုပေါင်းခွဲစိတ်ချိန် ၁၁ နာရီခန့် ကြာမြင့်ခဲ့သည်။ အသည်းအလှူရှင်လူနာနှင့် အသည်းလက်ခံလူနာများ၏ ခွဲစိတ်ပြီးနောက်ပိုင်း ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး အထူးကြပ်မတ်ကုသခန်း၌ လိုအပ်သောပြုစုကုသမှုများကို သက်ဆိုင်ရာပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု/ကျွမ်းကျင်သူများက ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
အသည်းအစားထိုးခွဲစိတ်ကုသမှုကို တပ်မတော်မှတာဝန်ရှိသူအရာရှိကြီးများက ကြည့်ရှုအားပေးခဲ့ပြီး ဩဂုတ် ၄ ရက်နှင့် ၅ ရက်တို့တွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်