နေပြည်တော် ဩဂုတ် ၃
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့သို့သွားရောက်ပြီး သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးလက်ဖွံ့ဖြိုးရေးရန်ပုံငွေ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေတို့ဖြင့် ၁၅ ကီလိုဝပ် ဆိုလာနှစ်စုံ၊ မြင်းကောင်ရေ ၁၀ ကောင်အားရှိ ရေတင်ပန့်များအသုံးပြု၍ ပင်မရေသိုလှောင်ကန်နှစ်ခုသို့ ပေးပို့လျက် ဆီဆိုင်မြို့ပေါ်ရပ်ကွက် ခြောက်ခု၊ ဝါးတော၊ ဟော်တောင်၊ ဟော်မြောက်၊ ဘုရားဖြူ၊ တခေါ့တန်ကျေးရွာ ငါးရွာသောက်သုံးရေနှင့် စိုက်ပျိုးရေပေးဝေနေမှုကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဆီဆိုင်မြို့နယ် သမဝါယမဦးစီးဌာနရုံး ပြန်လည်ဆောက်လုပ်မည့်နေရာ၊ ယာယီရုံးဖွင့်လှစ်ဆောင်ရွက်မည့်နေရာကို ကြည့်ရှုစစ်ဆေးပြီး ဆီဆိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ ဝန်ထမ်းများနှင့် တွေ့ဆုံအားပေးစကားပြောကြားကာ ထောက်ပံ့ပစ္စည်းများ၊ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ထိုမှတစ်ဆင့် ဟိုပုံးမြို့နယ် အောင်ပွဲကျေးရွာသို့သွားရောက်၍ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် အောင်ပွဲ-ကုန်းသလေး-တဖူးကိုင်-လွယ်တဝိုင်း-ဟိုနမ့် ကျေးရွာချင်းဆက်လမ်းအရှည်သုံးဖာလုံ ကတ္တရာခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၌ ဟိုပုံးမြို့နယ်အတွင်းရှိ ကျေးရွာချင်းဆက်လမ်း(၇)လမ်းအား အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။
ယင်းနောက် ဟိုပုံးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ သွားရောက်ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်နေသော မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာ သင်တန်းတက်ရောက်နေသည့် သင်တန်းသား ၁၀ ဦးနှင့်တွေ့ဆုံကာ အားပေးစကားပြောကြားကာ မဲနယ်တောင်တန်းပေါ်မှ ကျေးရွာများဖြစ်ကြသော စငေါကျေးရွာအုပ်စုနမ့်ဟူးကျေးရွာ၊ ပန်လျန်းကျေးရွာ၊ စံဖူးကျေးရွာအုပ်စု၊ ကျောက္ကချားကျေးရွာများသို့သွားရောက်၍ ကျေးရွာသူ ကျေးရွာသားများ၊ ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေးသည်။
အဆိုပါကျေးရွာသုံးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စိမ့်စမ်းရေသွယ်စနစ်ဖြင့် ရေပေးရေးလုပ်ငန်း ဆောင်ရွက်ပေးထားပြီး ကျေးရွာလူထု၏လိုလားချက်များဖြစ်သော ရွာတွင်းလမ်းများ ပြုပြင်ဖောက်လုပ်ပေးရေး၊ ကျေးရွာချင်းဆက်လမ်းများ ဖောက်လုပ်ပေးရေး၊ ကုန်ထုတ်လမ်း ဖောက်လုပ်ပေးရေး လုပ်ငန်းများအတွက် ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးသို့သွားရောက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် တွေ့ဆုံကာ ပင်လောင်းမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ဟိုပုံးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ဆီထွက်သီးနှံလျာထားစိုက်ပျိုးမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ညှိနှိုင်းဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်