နေပြည်တော် ဩဂုတ် ၃
နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွန့်လွှတ်စွန့်စား စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် အလှူငွေများနှင့် စားသောက်ဖွယ်ရာများအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ စေတနာရှင်အလှူရှင်များက နေပြည်တော်တိုင်းစစ်ဌာနချုပ်သို့ ယနေ့တွင် သွားရောက်ဂုဏ်ပြုပေးအပ်ခဲ့သည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက စေတနာ၊ မေတ္တာအပြည့်ဖြင့် စားသောက်ဖွယ်ရာများကို ပေးပို့လှူဒါန်းနိုင်ရေးအတွက် စိတ်အားထက်သန်စွာဖြင့် ပြင်ဆင်ထုပ်ပိုးနေမှုများအား ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများက လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။ ဝန်ကြီးဌာနအနေဖြင့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ငါးသေတ္တာဘူးများ၊ အသင့်စားခေါက်ဆွဲခြောက်ထုပ်များ၊ ကော်ဖီမစ်၊ တီးမစ်၊ ဘီစကွတ်၊ ဝေဖာ၊ မရွေး၊ သရက်သီးသနပ်၊ လက်ဖက်၊ ပဲကြော်၊ ငါးခြောက်ကြော်/ဖုတ်၊ ငါးပိထောင်း၊ ငံပြာရည်ကြော် အစရှိသည့် စားသောက်ဖွယ်ရာများကို လှူဒါန်းကြသည်။ ထို့အပြင် ရှေ့တန်းရောက်တပ်မတော်သားများ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် တိုက်ပွဲတိုင်းအောင်မြင်ပါစေကြောင်း ဆုတောင်းမေတ္တာစာများကိုလည်း ထည့်သွင်းပေးပို့ခဲ့ကြသည်။
အဆိုပါ လှူဒါန်းပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားကို နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ ပေါင်းလောင်းရိပ်သာ၌ ပြုလုပ်ရာ တိုင်းမှူးဗိုလ်ချုပ်စိုးမင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက ပေးအပ်လှူဒါန်းသည့် ငွေကျပ် သိန်း ၁၀၀ တန်ဖိုးရှိ စားသောက်ဖွယ်ရာများနှင့် ငွေသားကျပ်သိန်း ၁၀၀ စုစုပေါင်းတန်ဖိုးကျပ်သိန်း ၂၀၀ အား တိုင်းမှူးထံပေးအပ်ရာ တိုင်းမှူးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်