နေပြည်တော် ဩဂုတ် ၂
မြန်မာနိုင်ငံစာရင်းကောင်စီကကြီးမှူး၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင် နှင့်စာရင်းစစ်သင်တန်းကျောင်း နေပြည်တော်တွင်ဖွင့်လှစ်သည့် နိုင်ငံတကာဘဏ္ဍာရေး အစီရင်ခံခြင်းစံများဆိုင်ရာ ဒီပလိုမာသင်တန်း (Diploma in International Financial Reporting Standards- Dip IFRS) အမှတ် စဉ်(၁)၊ အပိုင်း(၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက မြန်မာနိုင်ငံ စာရင်း ကောင်စီအနေဖြင့် အများပြည်သူအကျိုးစီးပွားနှင့်သက်ဆိုင်သည့် လုပ်ငန်း၊ အဖွဲ့အစည်းများနှင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၏ ဘဏ္ဍာရေးအစီရင်ခံခြင်းကို နိုင်ငံတကာဘဏ္ဍာရေးအစီရင် ခံခြင်းဆိုင်ရာ စံများနှင့်အညီ လိုက်နာရေးဆွဲထုတ်ပြန်ရာတွင်လည်းကောင်း၊ ဘဏ္ဍာရေးရှင်းတမ်းများအား စာရင်းစံဆိုင်ရာ အသိပညာဗဟုသုတများဖြင့် အကြံပြုချက်များပေးရာတွင်လည်းကောင်း၊ အစိုးရကပိုင်ဆိုင်သော အစုရှယ်ယာများပါဝင်သော ကုမ္ပဏီများ၏ဘဏ္ဍာရေးရှင်းတမ်းများအား စစ်ဆေးရာတွင် စာရင်းစံများနှင့်အညီ ဖြစ်စေရေး စိစစ်ကြီးကြပ်ရာတွင်လည်းကောင်း၊ စာရင်းပညာကျွမ်းကျင်သူ နိုင်ငံ့ဝန်ထမ်းများတိုးပွားလာစေရန်နှင့် စာရင်းပညာပြန့်ပွားစေရန်ရည်ရွယ်၍ ဤသင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း။
သို့ပါ၍ သင်တန်းသားများအနေဖြင့် ယခုသင်တန်းမှပို့ချသည့် သင်ခန်းစာများကို မိမိတို့ဌာန၏ လုပ်ငန်းခွင်တွင် လက်တွေ့ပြန်လည်အသုံးချနိုင်ရန်နှင့် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးအစီရင်ခံမှုစနစ် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် သေချာစွာကြိုးစားသင်ယူမှတ်သားလေ့လာကြစေလိုပါကြောင်း တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နေပြည်တော်သင်တန်း ကျောင်းတာဝန်ခံက သင်တန်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းတွင် IFRS ခေါင်းစဉ် ၁၀ ခု ပို့ချမည်ဖြစ်ပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ သင်တန်းသား ၁၉ ဦး၊ အခြားဝန်ကြီးဌာနများမှ သင်တန်းသား ၄၄ ဦး၊ စုစုပေါင်း ၆၃ ဦးကို ဩဂုတ် ၁ ရက်မှ နိုဝင်ဘာ ၂၉ ရက်အထိ သင်တန်းကာလ (၄)လကြာဖွင့်လှစ်မည်ဖြစ်ပြီး အပိုင်း(၂)သင်တန်းအောင်မြင်သူများအနေဖြင့် အပိုင်း(၃)သင်တန်းသို့ ဆက်လက်တက်ရောက်နိုင်မည်ဖြစ်ကာ အပိုင်း(၃)သင်တန်းအထိ အောင်မြင်ပြီးမြောက်သူများကို ဒီပလိုမာဘွဲ့ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများ တက်ရောက်ကြပြီး မြန်မာနိုင်ငံစာရင်းကောင်စီမှ တာဝန်ရှိသူများက Online ဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်