နေပြည်တော် စက်တင်ဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦးနှင့်အဖွဲ့သည် စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ကျွန်းဖိုပင်၊ ကမ်းနီ၊ ဆုံတား ၊ အိုးဖို နှင့် မြေဇွန်း ကျေးရွာများသို့ သွားရောက်၍ နှမ်းစိုက်တောင်သူများနှင့် တွေ့ဆုံ၍ ရေချွေတာသုံးစွဲရေးနှင့် စိုက်ပျိုးရေစီမံခန့်ခွဲခြင်း ဆိုင်ရာနည်းစနစ်များ လိုက်နာကျင့်သုံးရန်လိုအပ် ချက်များ၊ သဘာဝမြေဩဇာများ နှင့် သဘာဝပိုးသတ်ဆေးများ ပြုလုပ်သုံးစွဲကြရန် လိုအပ်ချက်များ၊ ပေါင်းမြက်နှိမ်နင်းရာတွင် ပေါင်းသတ်ဆေးအသုံးပြုခြင်းအား လျော့ချသုံးစွဲကြရန် လိုအပ်ချက်များကို ပညာပေးဆွေးနွေးသည်။
ယင်းနောက် တိုင်းဒေသကြီးဦးစီးမှူး နှင့် အဖွဲ့သည် ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် ကမ်းနီကျေးရွာ တောင်သူ ဒေါ်ဆွေ ၏ စိုက်ခင်းတွင် နှမ်းမျိုးစေ့ချ စိုက်စက်ဖြင့် ဆောင်းနှမ်းသီးနှံ စိုက်ပျိုးနေမှု ကို ကွင်းဆင်းကြည့်ရှုအားပေးသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မိုးကောင်းသောက်ဧရိယာများရှိ တောင်သူများအနေဖြင့် ဩဂုတ်လ နှင့် စက်တင်ဘာလ ပထမပတ်အတွင်း ရွာသွန်းခဲ့သောမိုးရေဖြင့် ဆောင်းသီးနှံများ စတင် စိုက်ပျိုးကြလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦးနှင့် စိုက်ပျိုးပညာပေးပညာရှင်များ ပါဝင်သောအဖွဲ့က နည်းပညာအကူအညီနှင့် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် စိုက်ကွင်းများအရောက် ကွင်းဆင်း ကြည့်ရှု အားပေးကြခြင်း ဖြစ်ကြောင်း သိရသည်။
နှမ်းမျိုးစေ့ချစက်ကို အသုံးပြု၍ စိုက်ပျိုးရာတွင် ဌားရမ်းခအနေဖြင့် တစ်နာရီလျှင် (၁၂၀၀၀)ကျပ် မှ (၁၄၀၀၀)ကျပ် ပေးချေရ ကြောင်း၊ အကွက် အနေအထားပေါ် မူတည်၍ တစ်နာရီလျင် (၁)ဧက မှ (၁ ဒသမ ၅) ဧကခန့် စိုက်ပျိုးပြီးစီးသဖြင့် လုပ်သား အခက်အခဲ ရှိသည့် ဒေသများနှင့် အထူးသင့်လျော်၍ အချိန်တိုအတွင်း စိုက်ပျိုး ပြီးစီးနိုင်သောကြောင့် လုပ်ငန်းများ အဆင်ပြေလျက်ရှိကြောင်းသိရသည်။
နှမ်းမျိုးစေ့ချသည့် Kubota ထွန်စက်ငယ်အား တန်ဘိုးငွေသိန်း (၈၀)ဖြင့် (၂)နှစ် အရစ်ကျဝယ်ယူခဲ့ကာ မိမိပိုင်စိုက်ခင်း၌ သုံးစွဲပြီး အခြား တောင်သူများကို အငှားလိုက်ဝန်ဆောင်မှုလုပ်ငန်းအဖြစ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အဆိုပါစက်ကို မြေပဲသီးနှံနှင့် နှမ်းသီးနှံများ စိုက်ပျိုးရာ တွင် ငှားရမ်းသုံးစွဲကြပြီး အချိန်တို အတွင်း လုပ်ငန်းများ လျင်မြန်စွာပြီးမြောက်မှုကြောင့် နှစ်ဦးနှစ်ဘက် အဆင်ပြေကြကြောင်း နှမ်းမျိုးစေ့ချ စိုက်စက် အငှားလိုက် ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေသည့် ကမ်းနီကျေးရွာ မှ ဦးအောင်ကြိုင် ၏ ပြောကြားချက်အရ သိရသည်။
တိုင်းဒေသကြီးဦးစီးမှူး နှင့် အဖွဲ့သည် တောင်သူများနှင့်တွေ့ဆုံစဉ် စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ အကူအညီများလိုအပ်ပါက အလွယ်တကူ ဆက်သွယ် ဆောင်ရွက်နိုင်ကြရန် တိုင်းဒေသကြီးဦးစီးမှူးရုံး တာဝန်ရှိသူများ၏ ဖုန်းနံပတ်များနှင့် စိုက်ပျိုးရေးဦးစီးဌာန Call Center လိပ်စာ ကဒ်များ ၊ ကျန်းမာရေး နှာခေါင်းစည်းများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ညီညီသန်း(နေပြည်တော်)