Skip to main content

တရားမဝင် ခဲသတ္တုများ၊ စက်သုံးဆီများ၊ ဆေးဝါးများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ ရေယာဉ်နှင့် မော်တော်ယာဉ်များ သိမ်းဆည်းရမိ

နေပြည်တော် ဇူလိုင် ၃၁

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၉ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ခရီးသည်တစ်ဦး၏ ဝန်စည်အတွင်းမှ တရားဝင်စာရွက် စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် အိန္ဒိယနိုင်ငံထုတ်ဆေးဝါး Erythropoietin Injection IP (ထုံဆေး) ၄၅၂ ဘူး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၁၅၆၀၀၀၀) ကိုလည်းကောင်း၊ ရန်ကုန်လေဆိပ် (ကုန်လှောင်ရုံ) ၌ ပိုင်ရှင်မှ စွန့်လွှတ်ကြောင်း တင်ပြလာသည့် အိန္ဒိယနိုင်ငံထုတ် Sterile Medicaldisposable Goods Dispovan အခု ၁၀၀ အပါအဝင် ကုန်ပစ္စည်း ၁၁ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀)ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၃၁၇၁၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ဇူလိုင် ၂၉ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေးဂိတ်၌ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ် Nestle Milo အထုပ် ၁၂၀၀ အပါအဝင် ကုန်ပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Zhong Tong Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၅၀၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ ဇူလိုင် ၃၀ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့ ရတနာပုံ တံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားမဝင်စက်သုံးဆီ ဒီဇယ်ဆီဂါလန် ၈၀၊ ဓာတ်ဆီ ၁၀၉ ဂါလန် စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၅၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဇူလိုင် ၃၁ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဘုတ်ပြင်းမြို့နယ် ကရသူရိမြို့ ကော့ဗမာကျေးရွာအုပ်စု ကြပ်မီးချောင်းအတွင်း၌ ရေယာဉ်တစ်စင်းပေါ်မှ တရားမဝင်ခဲသတ္တု ၁၆၄ ဒသမ ၈ ကီလိုဂရမ် (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၉၄၄၀၀၀)နှင့် အဆိုပါခဲသတ္တုများ တင်ဆောင်ထားသည့် MV-မဏိဇောတ ကမ်းထိုးရေယာဉ်တစ်စင်းနှင့် ရေယာဉ်ဆက်စပ်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၃၂၈၅၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၈၂၂၉၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဇူလိုင် ၂၉ ရက်၊ ၃၀ ရက်နှင့် ၃၁ ရက်တို့တွင် သိမ်းဆည်းရမိမှုစုစုပေါင်းမှာ အမှုတွဲခုနစ်မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၂၇၂၈၉၀၀၀)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်