Skip to main content

National Conference on Science and Engineering- NCSE 2024 ဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော် ဇူလိုင် ၃၁

National Conference on Science and Engineering- NCSE 2024 ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်နည်းပညာတက္ကသိုလ်၌ ကျင်းပသည်။

ပြောကြား

ဖွင့်ပွဲအခမ်းအနားတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက နိုင်ငံတော် ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ရေးနှင့် နောက်ဆုံးပေါ် နည်းပညာအရွေ့နှုန်းတို့နှင့်အတူ အမီလိုက်ပါနိုင်ရေးအတွက် အင်ဂျင်နီယာဘာသာရပ် နယ်ပယ်စုံပူးပေါင်းဆောင်ရွက်ပြီး ရှုထောင့်စုံလေ့လာဆန်းစစ်မှုများ ပေါင်းစပ်၍ ကဏ္ဍစုံလွှမ်းခြုံသည့် သုတေသနရလဒ်များရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သုတေသနရလဒ်များကို ပြည်သူများ၏ ရေရှည် လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် တိုက်ရိုက်အကျိုးပြုနိုင်ရေးဆက်စပ်ဌာနများ၊ ပြင်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာအားကောင်းစေကာ University Ranking မြှင့်တင်နိုင်ရေး အလေးထားဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌတို့ထံ အမှတ်တရလက်ဆောင်များ ပေးအပ်ပြီး AI in Engineering Vs Generate AI ခေါင်းစဉ်ဖြင့် Keynote ဟောပြောသည့် Myan-mar Computer Professional Association အတွင်းရေးမှူးထံ ဂုဏ်ပြုလက်မှတ်ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် Parallel Session များတွင် အင်ဂျင်နီယာဘွဲ့လွန်ကျမ်းပြုစုသူများ၊ သုတေသနပညာရှင်များ၏ စာတမ်းဖတ်ကြားနေမှုများ၊ အတွေ့အကြုံများနှင့် နည်းပညာဖလှယ်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးပြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများနှင့် အိန္ဒိယသမ္မတနိုင်ငံမှ Quick Impact Projects များဆိုင်ရာ ပြန်ပြည့်မြဲစွမ်းအင်သုတေသနပရောဂျက်များ ဆောင်ရွက်နေမှုနှင့် ရလဒ်အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်