နေပြည်တော် ဇူလိုင် ၃၁
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမင်း၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်အတွင်းရှိ ဆင်အုံရေလှောင်ကန်သို့ရောက်ရှိပြီး ကန်၏အရှေ့ဘက်ခြမ်း၌ ရေတားအဖြစ်တည်ရှိသည့် သဘာဝကုန်းတန်းရေကျော်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ ဆင်အုံရေလှောင်ကန်သည် ယမန်နေ့ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့နံနက်ပိုင်းတွင် ကန်၏အရှေ့ဘက်ခြမ်း၌ ရေတားအဖြစ်တည်ရှိသည့် သဘာဝကုန်းတန်းရေကျော်မှု ဖြစ်ပွားခဲ့သည့်အတွက် ရေကျော်နေမှုကို စက်ယန္တရားနှစ်စီးဖြင့် နေပြည်တော် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဝင်များ၊ တိုင်း/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ နေပြည်တော် MSME အသင်းမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကျေးရွာနေပြည်သူများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ယနေ့နံနက် ၈ နာရီခွဲတွင် ရေကျော်မှုကို ထိန်းနိုင်ခဲ့ပြီးဖြစ်သည်။
ထိုသို့ဆောင်ရွက်နေမှုများကို နေပြည်တော်ကောင်စီဥက္ကဋ္ဌက ကြည့်ရှုအားပေးပြီး ဆင်အုံရေလှောင်ကန်ရေပိုလွှဲမှ ရေများထုတ်လွှတ်ထားရှိမှုအခြေအနေကို စစ်ဆေးကာ လိုအပ်သည်များ မှာကြားပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် လယ်ဝေးမြို့နယ် ညိုပင်ကျေးရွာအုပ်စု သုံးတန်ကူးကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆရာတော်အား သွားရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် အဆိုပါဘုန်းတော်ကြီးကျောင်း၌ လယ်ဝေးမြို့နယ်အတွင်း ယမန်နေ့ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ညိုပင်ကျေးရွာအုပ်စု သုံးတန်ကူးကျေးရွာ၌ ပလွေးချောင်းရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျလျက်ရှိရာ ကမ်းပါးအနီးရှိ လူနေအိမ်နှစ်လုံး ပြောင်းရွှေ့နေထိုင်ခဲ့ရသည့် မိသားစုဝင်များနှင့် ဒေသခံပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားကာ ပြောင်းရွှေ့ခဲ့ရသည့် လူနေအိမ်နှစ်လုံးအတွက် နေပြည်တော်ကောင်စီမှ ထောက်ပံ့သည့် တစ်အိမ်လျှင် ငွေကျပ်တစ်သိန်းနှုန်းနှင့် ဆန်၊ ဆီ၊ အခြေခံစားသောက်ကုန်ပစ္စည်းများကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနက ထောက်ပံ့သည့် တစ်အိမ်လျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ငွေကျပ်နှစ်သိန်း၊ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေများနှင့် ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုးပါ ပစ္စည်းပုံးနှစ်ပုံးကိုလည်းကောင်း ထောက်ပံ့ပေးအပ်သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ပုဗ္ဗသီရိမြို့နယ် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀)၌ နေပြည်တော်ကုသရေးဦးစီးဌာနက ဦးဆောင်၍ (၃၁)ကြိမ်မြောက် အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ လာရောက်ဆေးကုသမှုခံယူသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အာဟာရနှင့် စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်သည်။
မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အား Clean City ၊ Green City၊ Smart City ဖြစ်စေရေး၊ ဝန်ထမ်းအိမ်ရာများနှင့် အပျိုဆောင်၊ လူပျိုဆောင်များ သန့်ရှင်းသာယာလှပစေရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ ပလတ်စတစ်ကင်းစင်ရေးနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားကာ အစည်းအဝေးသို့ တက်ရောက်လာကြသူများ၏ နေပြည်တော်အား Clean City ၊ Green City၊ Smart City ဖြစ်စေ ရေးဆောင်ရွက်နေမှု၊ ဝန်ထမ်းအိမ်ရာများနှင့် အပျိုဆောင်၊ လူပျိုဆောင်များ သန့်ရှင်းသာယာလှပစေ ရေးဆောင်ရွက်ထားမှု၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် ပလတ်စတစ်ကင်းစင်ရေး လက်ရှိဆောင်ရွက် နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်