Skip to main content

ပြည်ပမှ စက်သုံးဆီများ ပုံမှန်တင်သွင်းသိုလှောင်ဖြန့်ဖြူးလျက်ရှိသဖြင့် ပြတ်လပ်မှုမရှိနိုင်

နေပြည်တော် ဇူလိုင် ၃၁

ဇူလိုင်လလယ်ခန့်မှစ၍ မိုးအဆက်မပြတ်ရွာသွန်းပြီး ဒေသအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေခြင်းကြောင့် စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် သီလဝါဆိပ်ကမ်းဒေသရှိ Terminal များ၏ ပုံမှန်လုပ်ငန်းဆောင်ရွက်မှုများ အနည်းငယ်နှောင့်နှေးကြန့်ကြာခြင်း၊ သယ်ယူပို့ဆောင်ရာတွင်လည်း လမ်းခရီးအခြေအနေများအရ အချို့ဒေသများသို့ ဆီတင်ယာဉ်ရောက်ရှိရန် အချိန်အနည်းငယ်ကြန့်ကြာခြင်းတို့ကြောင့် အရောင်းဆိုင်အချို့တွင် ဆီတင်ယာဉ်မရောက်မီ စက်သုံးဆီအမယ်အချို့ ယာယီပြတ်လပ်မှုမဖြစ်ပေါ်စေရေး စနစ်တကျစိစစ်ထိန်းသိမ်းရောင်းချစေလျက်ရှိသည့်အပြင် လိုအပ်ပါက Urgent အစီအစဉ်ဖြင့် ဖြည့်တင်းပေးခြင်း၊ ရေကြီးရေလျှံမှုကြောင့် ယာယီပိတ်သိမ်းထားသော အရောင်းဆိုင်များသို့ ပေးပို့နေသည့် စက်သုံးဆီများအား လိုအပ်သည့် အရောင်းဆိုင်များသို့ ရွှေ့ပြောင်းချယူစေခြင်းများကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိသည်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် ပြည်တွင်းစက်သုံးဆီဖူလုံမှုရှိစေရန်နှင့် ပြတ်လပ်မှုမရှိစေရန်အတွက် သီလဝါဆိပ်ကမ်းဒေသရှိ သိုလှောင်ကန်စခန်းများ၌ ၂၀၂၄ ခုနှစ် ဩဂုတ်လ ဒုတိယပတ်ကုန်အထိ စက်သုံးဆီဖူလုံစွာသုံးစွဲနိုင်ရေး ကြိုတင်သိုလှောင်ဖြန့်ဖြူးလျက်ရှိပြီး ပြည်ပမှ စက်သုံးဆီတင်သင်္ဘောများ စဉ်ဆက်မပြတ်ဝင်ရောက်ရန် စီမံကြီးကြပ်ဆောင်ရွက်ထားရှိပြီးဖြစ်သည်။

သို့ဖြစ်ပါ၍ အများပြည်သူများအနေဖြင့် မကြာမီစက်သုံးဆီပြတ်လပ်မည်ဆိုသည့် Online Media သတင်းများနှင့် ပြင်ပကောလာဟလသတင်းများကြောင့် စိုးရိမ်ကြောင့်ကြမှုဖြင့် လိုအပ်သည်ထက်ပိုမိုဝယ်ယူခြင်း၊ သိုလှောင်ထားရှိခြင်း၊ ဈေးနှုန်းမြှင့်တင်၍တစ်ဆင့် ပြန်လည်ရောင်းချခြင်းတို့ကို မပြုလုပ်ကြပါရန်၊ သုံးစွဲရန်လိုအပ်သည့် ပမာဏကိုသာ ဝယ်ယူသုံးစွဲကြပါရန်၊ အရောင်းဆိုင်များကိုလည်း စက်သုံးဆီရှိလျက်ရောင်းချမပေးခြင်းမျိုး မပြုလုပ်ကြစေရေးစနစ် တကျစိစစ်ကြပ်မတ်လျက်ရှိပါကြောင်းနှင့် လက်ရှိအခြေအနေများအရ စက်သုံးဆီပြတ်လပ်နိုင်မှုမရှိနိုင်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်