နေပြည်တော် ဇူလိုင် ၃၁
ကျန်းမာရေးဝန်ကြီးဌာန ဆရာဝန် (သစ်လွင်)များအား နိုင်ငံ့ဝန်ထမ်းပြန်တမ်းဝင် အရာရှိများအဖြစ် တာဝန်ပေးအပ်ခြင်းအခမ်းအနားကို ယနေ့တွင် နေပြည်တော်ရှိ MICC-II ၌ ကျင်းပသည်။
အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း တက်ရောက်၍ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော် အစိုးရ၏ ပံ့ပိုးမှုနှင့်အတူ ပြည်သူလူထုကျန်းမာရေးစောင့်ရှောက်မှုအခြေအနေကို မျက်ခြည်မပြတ် လေ့လာသုံးသပ်ပြီး လုပ်ငန်းစီမံချက်များ ရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်း၊ ကာလတို/ကာလလတ်/ကာလရှည် ဦးတည်ချက်များချမှတ်ကာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များဖြစ်သည့် “ကျန်းမာမှ ပညာသင်ကြားနိုင်မည်၊ ကျန်းမာမှ အလုပ်လုပ်နိုင်မည်၊ လူ့အသက်ထက် အရေးကြီးတာမရှိ၊ ဆေးရုံတိုင်း ဆရာဝန်ရှိရမည်” စသည့် မူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များကို ပြည့်ဝစွာ ခန့်ထားနိုင်ရေးနှစ်စဉ်လေ့ကျင့်သင်ကြား မွေးထုတ်ပေးလျက်ရှိကြောင်း၊ စိတ်ဓာတ်ကြံ့ခိုင်ပြီး သမားဂုဏ်၊ ဆေးပညာကျင့်ဝတ်တို့နှင့်အညီ ပြည်သူလူထုကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို အာရုံစူးစိုက်၍ Professional ပီပီသသဆောင်ရွက်ကြစေလိုကြောင်း၊ ဆရာဝန်(သစ်လွင်)များအနေဖြင့် တာဝန်ထမ်းဆောင်ရင်းရရှိလာမည့် ဆေးကုသမှုဆိုင်ရာ အတွေ့အကြုံများမှတစ်ဆင့် မိမိတို့၏ ပညာရပ်ပိုင်းဆိုင်ရာ တိုးတက်အောင်မြင်မှုများရရှိကာ နိုင်ငံတော်နှင့် ပြည်သူက ယုံကြည်အားကိုးရသော ထူးချွန်ထက်မြက်သည့် အထူးပြုဆရာဝန်ကြီးများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ဆရာဝန်(သစ်လွင်)များကို မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဆေးတက္ကသိုလ်တစ်ခုချင်းအလိုက် ကိုယ်စားပြုဆရာဝန်(သစ်လွင်)များကို ခန့်အပ်လွှာများ ပေးအပ်ပြီး (ဝဲပုံ) ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ ဆရာဝန် (သစ်လွင်)များနှင့်အတူ လက်ဖက်ရည်ပွဲကို အတူတကွ သုံးဆောင်ကြသည်။
အဆိုပါ အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးနှင့်ဆေးနှီးနွယ် တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် နိုင်ငံ့ဝန်ထမ်း ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်ခြင်းခံရသော ဆရာဝန် (သစ်လွင်) ၅၈၁ ဦးတို့ တက်ရောက်ခဲ့ကြသည်။
အဆိုပါဆရာဝန် (သစ်လွင်)များကို ဆေးကုသမှုအတွေ့အကြုံများ ပိုမိုလေ့လာဆည်းပူးနိုင်စေရန်နှင့် ပြည်သူလူထုဆေးကုသမှုလုပ်ငန်းများ ပိုမိုအထောက်အပံ့ဖြစ်စေရန် ဗဟိုအဆင့်ပြည်သူ့ဆေးရုံကြီးများနှင့် ပြည်နယ်/တိုင်းဒေသကြီးများရှိ ပြည်သူ့ဆေးရုံကြီးများတွင် တာဝန်ချထားခဲ့ကြောင်းနှင့် ဆေးတက္ကသိုလ်၊ နောက်ဆုံးနှစ်အပိုင်း(ခ) စာမေးပွဲများ အောင်မြင်ပြီး အလုပ်သင်ဆရာဝန်များအဖြစ် သက်ဆိုင်ရာသင်ကြားရေး ဆေးရုံကြီးများတွင် တာဝန်ထမ်းဆောင်နေသူ ၁၂၇၅ ဦး ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်