ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ရပ်ကွက်များအတွင်းသို့ ပြီးခဲ့သည့် ဇူလိုင် ၂၉ ရက်ညပိုင်းတွင် အကြမ်းဖက်သောင်းကျန်းသူတို့က လက်နက်ကြီးများဖြင့် အဝေးမှပစ်ခတ်ခဲ့ကြသဖြင့် အပြစ်မဲ့ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။ ပစ်ခတ်သူတို့မှာ KNDF/KNPP/PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများဖြစ်ပြီး လွိုင်ကော်မြို့၏ ရပ်ကွက်အစိတ်အပိုင်းအချို့တွင် အချိန်ကာလအခိုက်အတန့်မျှ ဝင်ရောက်ခိုအောင်းခဲ့ကြသူများလည်း ဖြစ်သည်။
စစ်ရေးနှင့်သက်ဆိုင်ခြင်းမရှိသော လူနေရပ်ကွက်များအတွင်းသို့ ပြည်သူများ အိပ်စက်အနားယူသည့် ညအချိန်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းက အကြမ်းဖက်တို့၏ လူမဆန်သောရက်စက်ခြင်းပင်ဖြစ်သည်။ နိုင်ငံရေးကိုအကြောင်းပြ၍ ပေါ်ပေါက်လာသည့် လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းမှုများအတွင်း လူနေအဆောက်အအုံများနှင့် ဒေသခံပြည်သူများကို အကာအကွယ်ယူ၍ တိုက်ကွက်ဖော်ကာ စစ်ရေးအကျိုးအမြတ် ရယူကြခြင်းကြောင့် ဒေသခံပြည်သူတို့၏ အသက်အိုးအိမ်များ ပျက်စီးကြရပြီး အကြမ်းဖက်တို့၏ အဖျက်လုပ်ရပ်များကြောင့် နိုင်ငံအတွင်း ဒေသအများအပြားတို့တွင် မြို့ပျက်၊ ရွာပျက် အပျက်အစီးမြင်ကွင်းများစွာ ဖြစ်ပေါ်ခဲ့ရသည့်အထဲတွင် လွိုင်ကော်မြို့လည်း ပါဝင်သည်။
တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့စစ်တပ်ဖွဲ့များ၊ ပြည်သူများပူးပေါင်း၍ အကြမ်းဖက်သောင်းကျန်းသူများကို တိုက်ခိုက်ချေမှုန်းခဲ့ခြင်းကြောင့် အကြမ်းဖက်သောင်းကျန်းသူတို့မှာ လွိုင်ကော်ကို စွန့်ခွာထွက်ပြေးသွားကြရသည်။ တည်ငြိမ်အေးချမ်းမှုကို ပြန်လည်ရရှိလာပြီဖြစ်သည့် လွိုင်ကော်မြို့တွင် ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေးတို့ကို အားသွန်ခွန်စိုက်ဆောင်ရွက်လျက်ရှိသကဲ့သို့ ယာယီအားဖြင့် နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ကြရသည့် ဒေသခံပြည်သူများမှာလည်း ပြန်လည်ဝင်ရောက်အခြေချနေထိုင်လျက်ရှိကြသည်။ လွိုင်ကော်မြို့ကြီးကို ပြန်လည်ထူထောင်ရေးဆောင်ရွက်နေရသကဲ့သို့ပင် မြို့ခံပြည်သူတို့မှာလည်း ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့် လူမှုစီးပွားဘဝများကို ပြန်လည်ထူထောင်တည်ဆောက်နေကြရခြင်းဖြစ်သည်။
ပြည်နယ်မြို့တော်လွိုင်ကော်တွင် ဆက်လက်ခိုအောင်း နေထိုင်စွမ်းမရှိတော့သည့် အကြမ်းဖက်သောင်းကျန်းသူတို့မှာ မြို့ကိုစွန့်ခွာခဲ့ရပြီးသည့်နောက် ကျေးရွာများတွင် ဖိစီးနှိပ်စက်မှုများ ပြုလုပ်ကြခြင်းကြောင့် ကျေးလက်ပြည်သူများ မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်ကြရသည့်အခြေအနေများ ဖြစ်ပေါ်နေကြောင်း သတင်းများအရ သိရသည်။ နိုင်ငံရေးကို အကြောင်းပြ၍ ဖြစ်ပေါ်နေသည့် လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းမှုများမှာ စင်စစ်အားဖြင့် ရည်ရွယ်ချက်အမျိုးမျိုး၊ အကျိုးစီးပွားအမျိုးမျိုးနှင့်ဖြစ်ပြီး အားလုံးမှာ အဖျက်လုပ်ရပ်များကိုသာ ဆောင်ရွက်နေကြခြင်းဖြစ်သည်။ တော်လှန်ရေးဟူ၍ ခေါင်းစဉ်ပြကာ အေးချမ်းစွာနေထိုင်နေကြသည့် အပြစ်မဲ့ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်အပေါ်တွင် နေ့စဉ်နှင့်အမျှ ခြိမ်းခြောက်လာမှုကိုလည်း ပြည်သူလူထုက လွန်စွာရွံ့ရှာစက်ဆုပ်နေကြပြီ ဖြစ်သည်။
မြို့ရွာများ တည်ငြိမ်အေးချမ်းခြင်း၊ ဒေသခံပြည်သူလူထုစိတ်အေးချမ်းသာစွာ နေထိုင်၍ မိမိတို့၏ပရိယေသနဝမ်းစာကို ကောင်းစွာရှာဖွေစားသောက်နိုင်ခြင်း၊ ရောင်းပန်းဝယ်ပန်းများ ပွင့်လန်း၍စည်ကားခြင်း စသည်တို့မှာ အကြမ်းဖက်သောင်းကျန်းသူတို့ မလိုလားသည့်အခြေအနေများပင်ဖြစ်ရာ ယင်းအခြေအနေများ ပျက်စီးအောင်၊ မတည်မငြိမ်ဖြစ်အောင် အဖျက်လုပ်ရပ်များ ထပ်မံပြုလုပ်လာကြဦးမည်ဖြစ်သည်။ အဖျက်သမားတို့၏ လိုလားချက်များမှာ ပြည်သူတို့၏ ငြိမ်းချမ်းသာယာစွာ နေထိုင်လိုသည့်ဆန္ဒနှင့် ပြဒါးတစ်လမ်း သံတစ်လမ်းပင်ဖြစ်ပြီး ဖျက်လိုဖျက်ဆီးလုပ်ရပ်များအပေါ် ပြည်သူလူထုက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလျက်ရှိကြသည်။
နိုင်ငံတစ်ဝန်းတည်ငြိမ်အေးချမ်းရေး၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝများ လုံခြုံရေးတို့အတွက် သောင်းကျန်းသူ အဖျက်သမားများချုပ်ငြိမ်းရေး တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့စစ်တို့နှင့်အတူ ပြည်သူလူထုတစ်ရပ်လုံး၏ ပေါင်းစည်းမှုအင်အားဖြင့် တရားသောစစ်ဆင်နွှဲကာ နှိမ်နင်းတိုက်ဖျက်ကြရပါမည့်အကြောင်း။ ။