နေပြည်တော် ဇူလိုင် ၃၀
ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနက ကြီးမှူးကျင်းပသည့် (၁၁) ကြိမ်မြောက် ဆေးပညာသင်ကြားရေးနှီးနှောဖလှယ်ပွဲ (ဒုတိယနေ့) ကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ Hotel Max ၌ ဆက်လက်ကျင်းပသည်။
နှီးနှောဖလှယ်ပွဲ (ဒုတိယနေ့) တွင် သွားဘက်ဆိုင်ရာ ဆေးပညာအစုအဖွဲ့ (Dental Syndicate) တွင် မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာနေဝင်းနှင့် မြန်မာနိုင်ငံ သွားနှင့်ခံတွင်းဆိုင်ရာ ဆေးကောင်စီဥက္ကဋ္ဌ ပါမောက္ခဒေါက်တာပိုင်စိုး၊ ဆေးဝါးပညာရပ်ဆိုင်ရာ အစုအဖွဲ့ (Pharmacy Syndicate) တွင် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ပါမောက္ခ ဒေါက်တာနွဲ့နွဲ့ဦးနှင့် ဆေးဝါးတက္ကသိုလ်- ရန်ကုန် ပါမောက္ခချုပ်(ငြိမ်း) ပါမောက္ခဒေါက်တာ ရီရီတင်၊ သူနာပြုပညာရပ်ဆိုင်ရာအစုအဖွဲ့ (Nursing Syndicate) တွင် သူနာပြုတက္ကသိုလ်-မန္တလေးပါမောက္ခချုပ် (ငြိမ်း) ပါမောက္ခ ဒေါက်တာမာလာဝင်းနှင့် မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီဥက္ကဋ္ဌ ဒေါ်နွဲ့နွဲ့ခင်၊ ဆေးဘက်ဆိုင်ရာ နည်းပညာအစုအဖွဲ့ (Medical Technology Syndicate) တွင် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ပါမောက္ခဒေါက်တာသန်းမြင့်နှင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဒေါက်တာတင်တင်လေး၊ ပြည်သူ့ကျန်းမာရေး ပညာရပ်ဆိုင်ရာအစုအဖွဲ့ (Public Health Syndicate) တွင် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (ငြိမ်း)၊ ဒေါက်တာ သန်းဇော်မြင့်နှင့် အခြေခံကျန်းမာရေးတက္ကသိုလ်-မကွေးပါမောက္ခချုပ်(ငြိမ်း) ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်တို့က သဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြပြီး KG+12 ပညာရေးစနစ်သစ်ဖြင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအတွက် ဘွဲ့ကြိုသင်ရိုးညွှန်းတမ်းများ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကိစ္စရပ်များနှင့် ဘွဲ့လွန်သင်ရိုး ညွှန်းတမ်းများကို ခေတ်နှင့်လျော်ညီစွာ ပြုပြင်ရေးဆွဲရေးကိစ္စရပ်များကို ဆွေးနွေးကြရာ တက်ရောက်လာကြသူများက တက်ကြွစွာပါဝင်အကြံပြုဆွေးနွေးကြသည်။
ထို့နောက် သက်ဆိုင်ရာ အစုအဖွဲ့အလိုက် ဆွေးနွေးတင်ပြမှုများ၏ ရလဒ်များနှင့်အကြံပြုချက်များ တင်ပြခြင်း အစီအစဉ်ကို ဆက်လက်ဆောင်ရွက်ရာ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းနှင့် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာတင်ထွန်းတို့က သဘာပတိများအဖြစ် ဆောင်ရွက်ကြပြီး ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (သင်ကြားရေး) ဒေါက်တာချောစုမောင်က နှီးနှောဖလှယ်ပွဲရလဒ်များနှင့် အကြံပြုချက်များကို စုစည်းတင်ပြသည်။
ယင်းနောက် နှီးနှောဖလှယ်ပွဲ ပိတ်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက နှီးနှောဖလှယ်ပွဲရလဒ်တွင် အနာဂတ်ဆေးပညာသင်ကြားရေး အဆင့်အတန်းတိုးတက် မြင့်မားရေးအတွက် ကောင်းမွန်သောရလဒ်များထွက်ရှိအောင် တက်ကြွစွာတက်ရောက်ပါဝင်ဆွေးနွေးပေးခဲ့မှုများအပေါ်တွင် များစွာကျေးဇူးတင်ရှိကြောင်း ပြောကြားပြီး (၁၁) ကြိမ်မြောက် ဆေး ပညာသင်ကြားရေးနှီးနှောဖလှယ်ပွဲ အခမ်းအနားအောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်