ပဲခူး ဇူလိုင် ၂၉
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇူလိုင် ၂၉ ရက် နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှု လျော့နည်းသက်သာစေရေး၊ ရေများအမြန်ဆုံး ပြန်လည်ကျဆင်းနိုင်ရေးနှင့် ရေဘေးကာကွယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်၌ ဖွင့်လှစ်ထားသည့် သဘာဝဘေးကွပ်ကဲမှုရုံးတွင် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပဲခူးမြို့နယ် တပ်နယ်မှူး၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ယာယီရေဘေးရှောင်စခန်းများ၌ လိုအပ်သည့် ဆန်၊ ဆီ၊ ကြက်ဥ၊ငါး၊ ခေါက်ဆွဲခြောက်၊ ရေသန့်စသည်တို့ကို လိုအပ်မှုမရှိစေရေး စနစ်တကျပို့ဆောင်ပေးရန်နှင့် ချက်ပြုတ်သည့်အဖွဲ့များအား သန့်ရှင်းစွာချက်ပြုတ်နိုင်ရေး ကြီးကြပ်ဆောင်ရွက်ပေးရန်၊ ရေဝင်ရောက်သည့်ဒေသများအတွင်း ရေအမြန်ဆုံးပြန်လည်ကျဆင်းနိုင်ရန်၊ ရေထွက်ပေါက်များ ပိတ်ဆို့မှုမရှိစေရေး ကွင်းဆင်းစစ်ဆေးရန်၊ ကားလမ်းနှင့် ရပ်ကွက်များအတွင်း အန္တရာယ်ရှိနိုင်သည့်နေရာများတွင် အသိပေးဆိုင်းဘုတ်များ စိုက်ထူသွားရန်၊ သက်ဆိုင်ရာဌာနဆိုင်ရာများအားလုံး ပူးပေါင်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပဲခူးမြို့နယ် စိုင်တီကျေးရွာသို့ ရောက်ရှိခဲ့ပြီး ကျေးရွာအတွင်း ရေဝင်ရောက်မှုနှင့် စိုင်တီချောင်းရေလျှံနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ရေကြီးနစ်မြုပ်ခဲ့သည့် လယ်မြေများအတွက် အချိန်မီပြန်လည်စိုက်ပျိုးနိုင်ရေး သက်တမ်းတိုပြီး အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်စပါးမျိုးများ ကြိုတင်ပျိုးထောင်ခြင်းလုပ်ငန်း စတင်ဆောင်ရွက်ထားရန် လမ်းညွှန်မှာကြားသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့ ပညာမွန်ဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်ထားသည့် ယာယီရေဘေးရှောင်စခန်းသို့ ရောက်ရှိခဲ့ပြီး ရေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးစကားပြောကြားကာ ရေဘေးသင့်ပြည်သူများ ချက်ပြုတ်စားသုံးနိုင်ရေး လိုအပ်သည့် ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်နှင့် အခြားစားဖိုဆောင်သုံးပစ္စည်းများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ ထောက်ပံ့သည့် ဆန်ရိက္ခာဖိုးတို့ကို ထောက်ပံ့ပေးအပ် သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပဲခူးမြို့ ကျောက်ကြီးစု ရေဘေးကာကွယ်ရေး တာအပေါ် ရေကျော်နေမှုနှင့် ညောင်ဝိုင်းတာ ရေဝင်ရောက်နိုင်သည့်အခြေအနေများကို ကွင်းဆင်းကြည့်ရှုပြီး တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၏ လုပ်အားဖြင့် အမြန်ဆုံးသဲအိတ်ဖြင့် ရေတားနိုင်ရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားသည်။
ပဲခူးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ ပဲခူးမြစ်ရေမြင့်တက်လာခြင်းတို့ကြောင့် ဇူလိုင် ၂၈ ရက် ညပိုင်းအထိ ရပ်ကွက် ၁၃ ရပ်ကွက်၊ ကျေးရွာလေးရွာတို့တွင် ယာယီရေဘေးရှောင်စခန်း ၂၇ ခု ဖွင့်လှစ်ထားရှိပြီး အိမ်ခြေ ၆၁၈၇ အိမ်၊ အိမ်ထောင်စု ၆၂၅၄ စု၊ လူဦးရေ ၂၅၀၄၃ ဦးအား နေထိုင်စားသောက်မှု အဆင်ပြေစေရေး တိုင်းဒေသကြီးအစိုးရအဖွဲ့က အနီးကပ်ကြီးကြပ် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)