Skip to main content

တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် ဇူလိုင် ၂၉

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသည့် Reconditioned Sewing Machines နှစ်လုံးအပါအဝင် ကုန်ပစ္စည်း ၂၈ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၇၀၆၀၀၀) ကိုလည်းကောင်း၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ထိုင်းနိုင်ငံသို့ ထွက်ခွာမည့် ခရီးသည်တစ်ဦး၏ ဝန်စည်အတွင်းမှ တရားဝင်တင်ပို့ခွင့်အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ရွှေဟုယူဆရသော ၁၀ ကျပ်သားခန့်ရှိ လက်ကောက်ခြောက်ကွင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၇၆၀၀၀၀၀၀)ကို လည်းကောင်း၊ ရန်ကုန်လေဆိပ် (ကုန်လှောင်ရုံ) ၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသော အီတလီနိုင်ငံနှင့် ပြင်သစ်နိုင်ငံထုတ် လုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် Toothed Wheel နှစ်ခု၊ CVMOT2-CVMOT3 Card Replacement နှစ်ခု၊ Kit Maint E-V တစ်ခု၊ Bearing အခု ၂၀ အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၅၀၀၀၀၀) ကိုလည်းကောင်း၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ မောတောင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်နှစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ် My Boy နို့ဆီနှင့် နို့စိမ်းဘူး ၃၁၉၂၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၇၅၃၁၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Chenglong Tractor Head တစ်စီး၊ Dong Feng Tractor Head တစ်စီးနှင့် နောက်တွဲယာဉ် နှစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၅၀၀၀၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၆၀၇၃၇၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဖမ်းဆီးရမိ

ထို့အပြင် ဇူလိုင် ၂၆ ရက်တွင် မကွေးတိုင်းဒေသကြီးတရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်တွင်းကြီးမြို့နယ် သဲကောကျေးရွာအနီး၌ တရားမဝင် ကျွန်းသစ် ၀ ဒသမ ၅၉၁ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၅၁၂၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အရေးယူဆောင်ရွက်

ထို့အပြင် ဇူလိုင် ၂၈ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကျွဲတပ်ဆုံစစ်ဆေးရေးစခန်း၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထွက် ကြက်သွန်ဖြူ ၁၂ ကီလိုဂရမ်ပါ အိတ် ၆၅၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၆၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၆၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ဇူလိုင် ၂၈ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့ ရတနာပုံတံတားစစ်ဆေးရေးဂိတ်၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသော တရုတ်နိုင်ငံထုတ် ကြက်ဖင်စီဘူး ၃၉၉၉၆ ထုပ်အပါအဝင် စားသောက်ကုန်ပစ္စည်းသုံးမျိုး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁၀၁၄၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဖမ်းဆီးရမိမှု အမှုတွဲ ၁၅ မှု

သို့ဖြစ်ပါ၍ ဇူလိုင် ၂၅ ရက်၊ ၂၆ ရက်နှင့် ၂၈ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၁၅ မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၂၇၅၆၁၂၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်