ဘားအံ ဇူလိုင် ၂၈
ကရင်ပြည်နယ် ဘားအံမြို့တွင် သံလွင်မြစ်ရေသည် ယနေ့နံနက် ၆ နာရီခွဲ တိုင်းတာချက်များအရ စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာအထက် ၉၅၁ စင်တီမီတာသို့ ရောက်ရှိနေပြီး ၂၀၁၈ ခုနှစ်တွင် အများဆုံးမြင့်တက်ခဲ့သော ၉၃၈ စင်တီမီတာအထက် ကျော်လွန်၍ စံချိန်တင်မြင့်တက်ခဲ့ရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ရေဘေးသင့်ပြည်သူများအား လိုအပ် သည့် ကူညီထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန် ရှိသူများသည် ဘားအံမြို့ပေါ်ရှိ နန်းလုံးကြိုင်လမ်း၊ ဘားအံ-ထုံးအိုင်လမ်း၊ စောစံစီဖိုးလမ်း၊ ဘားအံမြို့ရှောင်လမ်း၊ ရေကျော်-လှိုင်းပုံလမ်း အနိမ့်ပိုင်းနေရာများတွင် ရေကျော်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးတို့က လမ်းပိုင်းရေကျော်နေမှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံတွင် ဆေးရုံတက်ရောက် ကုသမှုခံယူနေသူများအား တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ တိုင်းရင်းဆေးဝါး ကုသဆောင်ရွက်ပေးထားမှုနှင့် ကျန်းမာရေးတိုးတက် ကောင်းမွန်လာမှု အခြေအနေများကို မေးမြန်း အားပေးစကားပြောကြားပြီး ဆန်၊ ကြက်ဥ အစရှိသော စားသောက်ကုန်များကို ထောက်ပံ့ပေးအပ်ကာ အဆိုပါတိုင်းရင်းဆေးရုံ ကယ်ဆယ်ရေးစခန်းတွင် ယာယီပြောင်းရွှေ့နေထိုင်သော အိမ်ထောင်စု ၆၈ စု၊ လူဦးရေ ၂၄၉ ဦးတို့အား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံ အားပေး၍ လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့ လှာကမြင်ကွက်သစ် အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)သို့ ယာယီပြောင်းရွှေ့ နေထိုင်သော အိမ်ထောင်စုများအား နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက ကူညီရွှေ့ပြောင်းပေးနေမှု အခြေအနေများကို ကြည့်ရှုအားပေးပြီး အဆိုပါ အလယ်တန်းကျောင်း(ခွဲ)ရေဘေးကယ်ဆယ်ရေး စခန်းတွင် ပြောင်းရွှေ့နေထိုင်သော အိမ်ထောင်စု ၁၀၄ စု၊ လူဦးရေ ၄၈၂ ဦးတို့ အတွက် ရေ၊ မီး၊ မိလ္လာ ပြည့်စုံလုံလောက်မှုရှိစေရေး၊ ဝမ်းရောဂါကဲ့သို့သော ကူးစက်ရောဂါများဖြစ်ပွားမှုမရှိစေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးနိုင်ရေး လှည့်လည် ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ် သည်များ မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သံလွင်မြစ်ရေ စံချိန်တင်မြင့်တက်မှုကြောင့် လူနေအိမ်များအတွင်း ရေများဝင်ရောက်ခဲ့သော်လည်း ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေထိုင်ခြင်းမရှိဘဲ ၎င်းတို့၏နေအိမ်များတွင်သာ ဆက်လက်နေထိုင်သော အိမ်ထောင်စုများအား နေ့လယ်စာ ထမင်းဘူးများကို လိုက်လံဝေငှပေးရာ ဘားအံမြို့အမှတ်(၅)ရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက်ရှိ အနိမ့်ပိုင်းနေရာများတွင် ပြောင်းရွှေ့နေထိုင်ခြင်း မရှိသော အိမ်ထောင်စုလူဦးရေအလိုက် ထမင်းဘူးများနှင့် ရေသန့်ဘူးများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များကိုယ်တိုင် လှေငယ်များဖြင့် အိမ်တိုင်ရာရောက် လိုက်လံဝေငှခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)