ကျောက်ကြီး ဇူလိုင် ၂၈
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ဇူလိုင်၂၅ ရက်နှင့်၂၆ ရက်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေ၊ ကျောက်ကြီးချောင်း ရေကြီးမှုကြောင့် မြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအချို့ရေဝင်သဖြင့် ဒေသခံပြည်သူများ ယာယီပြောင်းရွှေ့နေထိုင်ရကြောင်း သိရသည်။
ကျောက်ကြီး ချောင်းရေဝင်ရောက်မှုကြောင့် ဇူလိုင် ၂၆ ရက်က ပဲခူးရပ်ကွက်၊ ကပ်ကျေးရပ်ကွက်၊ သိန်တန်းရပ်ကွက်နှင့် သောင်လယ်ကျေးရွာအုပ်စုတို့ ရှိ အိမ်ထောင်စု ၉၁ စု၊ လူဦးရေ ၃၉၃ ဦးသည် မြို့ဦးဘုန်းတော်ကြီး ကျောင်းနှင့် နီးစပ်ရာဆွေမျိုးများအိမ်သို့ ယာယီပြောင်းရွှေ့နေထိုင်ကြရသည်။ ဇူလိုင် ၂၇ ရက်တွင် ပဲခူးရပ်ကွက်၊ ဆားတန်းရပ်ကွက်၊ ကပ်ကျေးရပ်ကွက်၊ သိန်တန်းရပ်ကွက်နှင့် မအူပင်ဆိပ်ကျေးရွာအုပ်စုတို့ရှိ အိမ်ထောင်စု ၁၆၂ စု၊ လူဦးရေ ၆၄၂ ဦးသည် မြို့ဦး ဘုန်းတော်ကြီးကျောင်း၊ မင်းအိုကြီးဘုန်းတော်ကြီးကျောင်း၊ ရှင်သီဝလိခြေတော်ရာတောင်နှင့် နီးစပ်ရာဆွေမျိုးများအိမ်သို့ ယာယီပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။
အဆိုပါ ယာယီပြောင်းရွှေ့ နေထိုင်ကြသည့် ရေဘေးသင့်ပြည်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက လိုအပ်သည့်ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)