နေပြည်တော် ဇူလိုင် ၂၈
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်တို့သည် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အင်တောကျေးရွာ ၈ လက်မစက်ရေတွင်းတူးဖော်မှု၊ ဆည်ပေါက်ရှိ စက်ရေတွင်းများတူးဖော်ရန်လျာထားမှု၊ မြို့ရေပေးဝေမှု၊ ကျောက်ပန်းတောင်းမြို့၏ အနောက်မြောက်ဘက် (၆)မိုင်ခန့်အကွာရှိ ကျွန်းခင်းကြီးရေလှောင်တမံအမှတ် (၂) (အလျား ၂၇၀၀ပေ၊ အမြင့် ၇၀ ပေ) တည်ဆောက်ရန်လျာထားမှ အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မြို့ရေပေးဝေရေး၊ ပိုက်လိုင်းများ ပြန်လည်သွယ်တန်းနိုင်ရေး Plan ရေးဆွဲဆောင်ရွက်ရန်၊ မြို့နေလူထုအနေဖြင့်လည်း ကိုယ်ထူကိုယ်ထစနစ်ဖြင့် ထိန်းသိမ်းစောင့်ရှောက်ပေးရန်နှင့် တည်ဆောက်ဆဲကျွန်းခင်းကြီး ရေလှောင်တမံတွင် ဂါလန် (၁) သိန်း ဆံ့ ကန်ကို တည်ဆောက်၍ ဆိုလာစနစ်ဖြင့် ရေစုပ်ယူရန်နှင့် ကျောက်ပန်းတောင်းမြို့ ရေပေးဝေရေးဆောင်ရွက်ရန် မှာကြားသည်။
ပြည်ထောင်စုဝန်ကြီးများသည် ညောင်ဦးမြို့နယ်ရှိ မြကန်ပြုပြင်ထိန်းသိမ်းနေမှုများကို ကြည့်ရှုစစ်ဆေး၍ နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်ဖြစ်သည့် မြကန်ပြုပြင်ထိန်းသိမ်းမှု ဆောင်ရွက်ခြင်းနှင့် တုရင်တောင်စိမ်းလန်းစိုပြည်ရေးအတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဒေသမျိုးရင်းသစ်မျိုးများဖြင့် ကွန်တိုဘောင် စိုက်ပျိုးဆောင်ရွက်ခြင်းများကို (၅) နှစ် စီမံကိန်းဖြင့် ဆောင်ရွက်ရာတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၌ (၂၃၅) ဘောင်တွင် (၇၇၉) ပင် စိုက်ပျိုး ထားပြီးဖြစ်ပါကြောင်း တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ စနစ်တကျ အရည်အသွေးကောင်းကောင်းနှင့် အောင်မြင်စွာစိုက်ပျိုးပြီးစီးအောင် ဆောင်ရွက်သွားရန် မှာကြားသည်။
ထို့နောက် နိုင်ငံတော်ကြီးအကဲ၏ လမ်းညွှန်ချက်အရ သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာနမှ ဆောင်ရွက်သည့် ကုန်းတန်းကြီးကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်း (၁) မိုင် (၄) ဖာလုံနှင့် ဆက်စပ်လုပ်ငန်းများ၊ ဖျောက်ဆိပ်ပင်ကျေးရွာအဝင်လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း (၃) ဖာလုံ၊ အရှေ့ဖွားစော ကျေးရွာအဝင်မှ ဇယဝေရီကန်အထိ ဂျင်းကျောက်ခင်းခြင်းလုပ်ငန်း (၁) မိုင် (၂.၃) ဖာလုံနှင့် ဆက်စပ်လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးများက ဖြည့်စွက်မှာကြားပါသည်။
ထို့နောက် ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ရန်ပုံငွေဖြင့် ဆယ်ယူပြုပြင်ထိန်းသိမ်းခဲ့သည့် ဖျောက်ဆိပ်ပင်ကန် (၁)၊ (၂)၊ (၃) နှင့် ကျောက်အိုးကန်တို့ကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရေကန် (၈) ကန် ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ရေကန် (၁၀) ဆက်လက်တူးဖော်လျက်ရှိသည့် အခြေအနေ၊ ရေလမ်းကြောင်းအမှတ်(၂)အား ပြုပြင်ထိန်းသိမ်းမည့်အစီအမံနှင့် လမ်း(၁၃)လမ်း ပြုပြင်ထိန်းသိမ်းဆောင်ရွက်မည့်အခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးများက လိုအပ်သည်များမှာကြားပါသည်။
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ဆယ်ယူထိန်းသိမ်းခဲ့သည့် ဇယဝေရီကန်နှင့် မင်္ဂလာကန် (၃) တို့သို့သွားရောက်ကြည့်ရှုစစ်ဆေးပါသည်။ နိုင်ငံတော်အကြီးအကဲလမ်းညွှန်ချက်အရ ရှေးဟောင်းရေကန် ကန်ပေါင်နှင့် အနီးဝန်းကျင်နေရာများတွင် မူလသစ်ပင်ချုံနွယ်များနေရာ၌ မန်ကျည်းပင်၊ တမာပင်များ အစားထိုးစိုက်ပျိုးရန် စီစဉ်ဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေး၍ အပင်များရှင်သန်စေရေး အလေးထားစိုက်ပျိုးရန်မှာကြားပြီး ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် ဇယဝေရီကန်နှင့် မင်္ဂလာကန်(၃)ပတ်ဝန်းကျင်တွင် မန်ကျည်းပင်နှင့် တမာပင်များစိုက်ပျိုးပေးကြပါသည်။
ယင်းနောက် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် မင်းနန်သူကျေးရွာ အဝင်လမ်း (၂) မိုင် (၃) ဖာလုံမှ အာနန္ဒာဘုရားသို့ သွားသောလမ်းပေါ်၌ ဂျင်းကျောက်လမ်းနမူနာခင်းခြင်းအားတာဝန်ရှိသူက လုပ်ငန်းဆောင်ရွက်မှုအခြေအနေကိုရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးများက ကမ္ဘာ့အမွေအနှစ်ဒေသဖြစ်သည်နှင့်အညီ ယဉ်ကျေးမှုအမွေအနှစ်မထိခိုက်စေရန် စိစစ်အကြံပြုချက်များနှင့်အညီ ဆောင်ရွက်ရန်နှင့် ပုဂံခေတ်ရေစီမံခန့်ခွဲမှုစနစ်အား သုတေသနပြုရင်း ထိန်းသိမ်းမွမ်းမံမှုကိုပါ ပူးတွဲဆောင်ရွက်ရန်၊ နိုင်ငံတော်အကြီးအကဲသည် ယဉ်ကျေးမှုအမွေအနှစ်များကို အလေးထား၍ တန်ဖိုးထားထိန်းသိမ်းအားပေးသည်နှင့်အညီ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးတို့ကို ဟန်ချက်ညီညီဖြင့် ဆောင်ရွက်ရန်၊ မပြီးပြတ်သေးသော ဆောင်ရွက်ဆဲလမ်းညွှန်ချက်များကို တွန်းအားပေးဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက တူးဖော်ဆယ်ယူလျက်ရှိသည့် ပြာသာဒ်ကန်(ကန်သစ်ကန်)သို့ သွားရောက်ကြည့်ရှုရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများသည် ပုဂံမြို့ဟောင်းအရှေ့ဘက်ကျုံး (တောင်ဘက်ခြမ်း) တူးဖော်မှုနှင့် မြောက်ဘက်ကျုံးတူးဖော်ရန် လျာထားဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ရာ ကျုံးတူးဖော်မှုနှင့်ပတ်သက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများသည် ရေလမ်းကြောင်းအမှတ်(၁)၏ အဆုံးဖြစ်သော ပုဂံမြို့ဟောင်းမြောက်ဘက်ကျုံးမှ ဧရာဝတီမြစ်အတွင်းသို့ စီးဆင်းသည့်လမ်းကြောင်းတစ်လျှောက်အတိုင်း သွားရောက်ကြည့်ရှုခဲ့ပြီး ရေလမ်းကြောင်းအမှတ် (၂)၏ အဆုံးဖြစ်သည့် ဧရာဝတီမြစ်တွင်းသို့ စီးဝင်သောဝက်ကြီးအင်းချောင်း (အရှည် ၃၀၇၅ ပေ၊ အောက်ပိုင်းအကျယ် ၈၀ ပေ နှင့် အပေါ်ပိုင်း ၅၀ ပေ)အား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက တူးဖော်ထိန်းသိမ်းထားရှိမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး မြစ်ရေတိုးမှုကာကွယ်နိုင်ရန် စီမံဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။