နေပြည်တော် ဇူလိုင် ၂၈
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မန္တလေးတိုင်းဒေသကြီး ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ နိုင်ငံတော်အကြီးအကဲ၏ ခရီးစဉ်လမ်းညွှန်ချက်ပါ ဆောင်ရွက်ထားရှိမှုများနှင့် ရှေးဟောင်းရေကန်များ တူးဖော်ပြုပြင်ထိန်းသိမ်းခြင်းတို့ကို ယနေ့နံနက်ပိုင်းတွင် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထီးလိုမင်းလိုဘုရားတွင် နိုင်ငံတော်အကြီးအကဲလမ်းညွှန်ချက်အရ အာရုံခံအရပ်လေးမျက်နှာနှင့် အပေါ်ထပ်ရှိ ဆင်းတုတော်(၉)ဆူ ရွှေသင်္ကန်းပြန်လည်ကပ်လှူခြင်း ဆောင်ရွက်နေမှု၊ ဘုရားပရဝဏ်အတွင်း ရင်ပြင်တော်အုတ်ခုံနှင့် စေတီပတ်လျှောက်လမ်းကြား သဲကျောက်ပြားလျှောက်လမ်းခင်းခြင်းတို့ကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူက ဘုရားအပေါ်ထပ်လိုဏ်ပတ်လမ်းရှိ ဆင်းတုတော်(၄)ဆူတွင် ရွှေဆိုင်း(၃၂၅)ဆိုင်းနှင့် အောက်လိုဏ်ပတ်လမ်းရှိ ဆင်းတုတော်(၅)ဆူတွင် (၄၄၀)ဆိုင်း ကပ်လှူမည်ဖြစ်ပြီး စုစုပေါင်းဆင်းတုတော်(၉)ဆူတို့အား ရွှေသင်္ကန်းပြန်လည်ကပ်လှူပူဇော်ခြင်းလုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သစ်စေးသုတ်ခြင်း၊ အခြောက်ခံခြင်းလုပ်ငန်းများ ပြီးစီးပြီဖြစ်၍ ရွှေသင်္ကန်းကပ်လှူခြင်းများအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထီးလိုမင်းလိုဘုရားတံတိုင်းနှင့် ရင်ပြင်ခုံတို့ကြား ပတ်လည်သဲကျောက်ပြား လျှောက်လမ်းခင်းခြင်းနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက လျှောက်လမ်းအရှည်(၁၀၅၈) ပေ၊ အကျယ်(၆)ပေ ဆောင်ရွက်မှုသည် ၁၀၀ % ဆောင်ရွက်ပြီးစီးပြီဖြစ်၍ ဆောင်ရွက်ဆဲလမ်းညွှန်ချက်လုပ်ငန်းများကိုလည်း အချိန်မီပြီးစီးစေရေးဆောင်ရွက်ရန်နှင့် လမ်းညွှန်ချက်များတွင် မပါဝင်သော်လည်း လုပ်သင့်လုပ်ထိုက်သည်များကို ထိန်းသိမ်းဆောင်ရွက်သွားရန်မှာကြားပါသည်။
ဆက်လက်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် Archaeological Survey of INDIA (ASI)အဖွဲ့တို့ ပူးပေါင်း၍ပြုပြင်ထိန်းသိမ်းမှုဆောင်ရွက်ခဲ့သည့် ညောင်ဦးမြို့နယ်၊ သိကြားပုန်းဘုရားသို့ ကြည့်ရှုစစ်ဆေးရာ ASI အဖွဲ့တာဝန်ရှိသူများက နံရံပန်းချီနှင့်အဆောက်အအုံ ကြံ့ခိုင်ထိန်းသိမ်းရေးဆောင်ရွက်မှုအခြေအနေကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ကားရပ်နားရန်မြေသားနေရာ တိုးချဲ့ဆောင်ရွက်ရန်၊ တပ်ဆင်ထားသည့် ထရန်စဖော်မာ၊ မီးကြိုး၊ မီးလုံးများပျောက်ဆုံး ပျက်စီးမှုမရှိစေရေး အလေးထားဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။