Skip to main content

မိုင်းယောင်းမြို့နယ်၊ မှော်ဘီမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်အတွင်းရှိ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

နေပြည်တော် ဇူလိုင် ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ် ဝမ်မန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူ ၄၈၅ ဦး တို့ကို တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က ဝမ်တုံ့ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ဝါးပတောကျေးရွာအုပ်စု ဝါးပတောကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော် ၃၆ ပါး၊ သာသနာ့နွယ်ဝင်သီလရှင် ၃၂ ပါးနှင့် ဒေသခံပြည်သူ ၁၅၈ ဦးတို့ကို ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတိုက်၌လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် ဥပုသ်တော်ရပ်ကွက် မဟာခေမိကာရာမ သစ်ဆိမ့်ကျောင်းတိုက်ရှိ သံဃာတော်အပါး ၈၀နှင့် ဒေသခံပြည်သူ ၇၃ ဦးတို့ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါကျောင်းတိုက်၌လည်းကောင်း ယနေ့တွင် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့များက သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူများအား နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အရိုးအကြောရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ ဦးနှောက်နှင့် အာရုံကြောရောဂါ၊ မျက်စိရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ်စစ်ဆေးပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးဟောပြော ဆွေးနွေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန်လိုအပ်သူများအား နယ်မြေခံတပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်