Skip to main content

တပ်မတော်ဆေးရုံများ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး

နေပြည်တော် ဇူလိုင် ၂၆

နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်များကို ယနေ့မွန်းလွဲပိုင်းက ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် စိုးမင်းနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှု အခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်းအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။ ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်၊ တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ ကချင်ပြည်နယ် တနိုင်းမြို့ရှိ တပ်မတော်ဆေးရုံ၊ ကယားပြည်နယ် လွိုင်ကော်မြို့ရှိ တပ်မတော်ဆေးရုံ၊ ရှမ်းပြည်နယ် (တောင်ပိုင်း) နမ့်စန်မြို့ရှိတပ်မတော်ဆေးရုံ၊ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး (ခုတင်-၅၀၀) နှင့် တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ ပဲခူးတိုင်းဒေသကြီးတောင်ငူမြို့နှင့် ပြည်မြို့တို့ ရှိတပ်မတော်ဆေးရုံများ၌ တက်ရောက်ဆေးကုသမှုခံယူနေသော သံဃာတော်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများကို ယနေ့တွင် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှု အခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ကြသည်။

ထို့နောက် တိုင်းမှူးများနှင့် တာဝန်ရှိသူများသည် ဆေးရုံများအတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်