Skip to main content

ပညာရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဇူလိုင် ၂၅

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ ပညာရေးကျောင်းများ၏ ပညာရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ် အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း (နေပြည်တော်) ရှိ အားကစားခန်းမ၌ ပြုလုပ်ရာ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ တပ်မတော်ပညာရေးကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ တပ်မတော်အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ချုပ်မှုတာဝန်ခံအရာရှိများ၊ ဆရာ ဆရာမများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဇော်မင်းထွန်းက တပ်မတော်ပညာရေးကျောင်းများ ပညာရည်တိုးတက်မြင့်မားရေးနှင့် ပတ်သက်၍ လိုအပ်သည့် အချက်အလက်များနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးမြင့်ထွန်းက နှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။

ထို့နောက် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ရာ ပညာရေးဝန်ကြီးဌာနမှ ဆရာ ဆရာမများနှင့် တက်ရောက်လာကြသည့် တာဝန်ရှိသူများက ဆရာ ဆရာမများ သင်ကြားမှုစွမ်းရည်မြှင့်တင်ပေးနိုင်မှုအခြေအနေများ၊ ပုဂ္ဂလိကကျောင်းများအစား အခြေခံကျောင်းများတွင် တက်ရောက်စေပြီး အဆင့်မီစွာ သင်ကြားပေးနိုင်မည့် အခြေအနေနှင့် ဆရာ ဆရာမများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် အခြေအနေများ၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် ပတ်သက်၍ မေးခွန်းပုံစံဖြေဆိုနည်းနှင့် အမှတ်ပေးစည်းမျဉ်းများအား ကျောင်းသား ကျောင်းသူများ ကြိုတင်သိရှိနားလည် သဘောပေါက်စေရေးအတွက် ကျောင်းများတွင် ဘာသာရပ်ကျွမ်းကျင် ဆရာကြီး၊ ဆရာမကြီးများအား ဖိတ်ခေါ်၍ ဟောပြောပွဲများ ကျင်းပပြုလုပ်နိုင်ရေးဆောင်ရွက်ပေးနိုင်မည့် အခြေအနေများ၊ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများအား ကျောင်းစာသင်ခန်းအတွင်း အမှန်တကယ် တတ်မြောက်အောင် သင်ကြားပေးပြီး အရည်အသွေးပြည့်မီစွာ တန်းစဉ်ကူးပြောင်း နိုင်ရေးအတွက် ပညာရည်စစ်ဆေးတိုင်းတာခြင်းနှင့် တတ်မြောက်မှုအကဲဖြတ်ခြင်း ဆောင်ရွက်နေမှုအခြေအနေများ၊ ဗလငါးတန်ပြည့်ဝ၍ ထူးချွန်ထက်မြက်သော ကျောင်းသား ကျောင်းသူများ မွေးထုတ်ပေးနိုင်သည့် စံပြကျောင်းများ ဖြစ်စေရေး မိဘ၊ ဆရာ၊ ကျောင်းသားများမှ ကဏ္ဍပေါင်းစုံ ပါဝင်လိုက်နာ လုပ်ဆောင်ရမည့် ကိစ္စရပ်များနှင့် သက်ဆိုင်ရာ မြို့နယ်/ ခရိုင်/ တိုင်းဒေသကြီး/ ပြည်နယ်နှင့် အခြေခံပညာဦးစီးဌာနတို့မှ ပံ့ပိုးဆောင်ရွက်ပေးနိုင်သည့် အခြေအနေများအား သက်ဆိုင်ရာခေါင်းစဉ်များအလိုက် အသီးသီးဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်