နေပြည်တော် ဇူလိုင် ၂၄
ပညာရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲ (တတိယနေ့) ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ ဆက်လက်ကျင်းပသည်။
ယနေ့ ဆွေးနွေးပွဲတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေကတက္ကသိုလ်များ၊ ပညာရေးဒီဂရီကောလိပ်များ၊ အခြေခံပညာကျောင်းများ ကျောင်းဥပဓိရုပ်ကောင်းမွန်ရန် အလေးထားဆောင်ရွက်ရေး၊ စာသင်ကျောင်းများ၏ သင်ကြားရေး၊ စီမံရေးဆိုင်ရာ အရည်အသွေးတိုးတက်ရန်အတွက် အမြဲကြိုးစားအားထုတ် ဆောင် ရွက်ရေး၊ ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းများကို ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရေး၊ ပညာရေးဝန်ထမ်းများအနေဖြင့် မိမိတို့တာဝန်ကျရာ ဒေသများတွင် တာဝန်ကျေပွန်အောင် ကြိုးစားဆောင်ရွက်ရေးကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်းတို့က ဒေသဆိုင်ရာ ကိုယ်ပိုင်ကျောင်းများ ကြီးကြပ်ရေးအဖွဲ့များ၏ စိစစ်ထောက်ခံ မှုအရ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများ မှတ်ပုံတင်ခွင့်ပြု အခြေအနေများကိုလည်းကောင်း၊ ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးများက တွေ့ကြုံရသည့်အခက်အခဲများ၊ ဖြည့်ဆည်းပေးရန် လိုအပ်ချက်များ၊ တက္ကသိုလ်အလိုက် လိုအပ်ချက်များ၊ ဆက်လက်ဆောင်ရွက်မည့် ပညာရေးလုပ်ငန်းစဉ် များ ကိုလည်းကောင်း ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အဆိုပါဆွေးနွေးပွဲသို့ ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ် ပါမောက္ခချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများနှင့် တာဝန်ရှိသူများတက်ရောက်ကြကြောင်း သိရ သည်။
သတင်းစဉ်