Skip to main content

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အချို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေမှုနှင့် စပ်လျဉ်း၍ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆက်လက်အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိ

ရန်ကုန် ဇူလိုင် ၂၂

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေမှုနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုနှင့်အညီ ဗဟို၊ တိုင်းဒေသကြီးနှင့် မြို့နယ် ကွင်းဆင်းအဖွဲ့များက ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၀ ရက်က ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော ဗဟိုကွင်းဆင်းအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံပြီး မြို့နယ်အတွင်း ရောဂါဖြစ်ပွားမှုအခြေအနေ၊ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော ကွင်းဆင်းအဖွဲ့သည် ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကြည့်မြင်တိုင်မြို့နယ် တစ်ဖက်ကမ်း ဆိပ်ကြီးကျေးရွာရှိ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ လူနာနေအိမ်တို့သို့ သွားရောက်၍ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ နေအိမ်နှင့်လမ်းအနီးတစ်ဝိုက်တွင် လူနာသစ်ရှာဖွေခြင်း၊ လူနာနှင့်ထိစပ်သူ တစ်အိမ်တည်းအတူနေ မိသားစုဝင်များအား ကြိုတင် ကာကွယ်ဆေးတိုက်ကျွေးခြင်း (Contact Treatment)၊ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုအခြေ အနေများနှင့် လုပ်ငန်းဆောင်ရွက်မှုများကို ကြီးကြပ်၍ လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်ပေးသည်။

ထို့ပြင် ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် ညှိနှိုင်းစီစဉ်ပေးခြင်းများ ဆောင်ရွက်ပေးပြီး စက်ဆန်းကျေးရွာ၌ သန့်ရှင်းသော သောက်သုံးရေ အသုံးပြုရေးအစီအမံများ ချမှတ်ဆောင်ရွက်၍ Life Straw ရေသန့်စင်စက်နှစ်လုံး တပ်ဆင်ခြင်းနှင့်အသုံးပြုနည်း လက်တွေ့သရုပ်ပြ သင်ကြားပေးခြင်းတို့ကို ဆောင်ရွက်ပေး သည်။

ထို့အတူ ဒုတိယညွှန်ကြားရေးမှူးချုပ် (သဘာဝဘေး/ကူးစက်)ဦးဆောင်သော ဗဟိုကွင်းဆင်း အဖွဲ့သည်လည်း သင်္ဃန်းကျွန်းမြို့နယ်နှင့် သာကေတမြို့နယ် တို့သို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆောင်သော ကွင်းဆင်းအဖွဲ့သည် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်များသို့ လည်းကောင်း ကွင်းဆင်း၍ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက် ကြသည်။

အလားတူ သက်ဆိုင်ရာခရိုင်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများကလည်း မြို့နယ်စည်ပင်သာယာရေးဦးစီးအဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ရောဂါကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် သာကေတမြို့နယ်နှင့် ဒေါပုံမြို့နယ်တို့တွင် သန့်ရှင်းသောသောက်ရေရရှိရေး အထူးစီမံချက်ဖြင့် LifeStraw ရေသန့်စင် စက် ၁၉ လုံးကို အသုံးပြု၍ သန့်ရှင်းသော သောက်ရေ နေ့စဉ် ဖြန့်ဝေပေးလျက်ရှိရာ ဇူလိုင် ၂၀ ရက်တွင် အိမ်ထောင်စု ၄၉၂ စု အတွက် သောက်ရေသန့် လီတာ ၇၅၀ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်