တောင်ကြီး ဇူလိုင် ၂၃
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖွင့်ပွဲကို ယမန်နေ့ နံနက် (၉) နာရီက တောင်ကြီးမြို့၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၊ စိန်မြင်းမိုရ်ခန်းမ၌ ကျင်းပသည်။
စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “ပညာဘဏ်တိုက် စာကြည့်တိုက်သို့သွားကြစို့” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖက်ရှိန်မြှင့်ရေးပွဲတော်၊ စာဖက်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုများကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ၏ ပံ့ပိုးမှုနှင့်အတူ အဆင့်မြင့်ပညာနှင့် အခြေခံပညာကျောင်းများတွင် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရမှာဖြစ်ကြောင်း၊ အလားတူ သက်ဆိုင်ရာပြည်နယ်၊ ခရိုင်၊ မြို့နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်မှုကော်မတီများ၏ အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရမှာဖြစ်ကြောင်း စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူ့စာကြည့်တိုက်များနှင့် ကျောင်းစာကြည့်တိုက်များ ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သည့်အတွက် နိုင်ငံတော်အနေဖြင့် စာကြည့်တိုက်မရှိသေးသည့် ကျေးရွာအုပ်စု၊ ကျေးရွာများတွင် စာကြည့်တိုက်အသစ် တည်ဆောက်ပေးခြင်း၊ ရှိပြီးကျေးရွာစာကြည့်တိုက်များ ပြန်လည်ပြုပြင်မွမ်းမံခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော် အနေဖြင့် တစ်နိုင်ငံလုံးတွင် စာဖက်ရှိန်မြှင့်တင်ရေးပွဲတော် အကြိမ် (၁၀၀) ဆောင်ရွက်ရန် လျာထားပြီးဖြစ်၍ နိုင်ငံတော်၏အစီအစဉ်ဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် (၇)ကြိမ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် (၄)ကြိမ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် (၂) ကြိမ် စုစုပေါင်း (၁၃)ကြိမ် ကျင်းပသွားရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အစီအစဉ်အပြင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်များ၏ အစီအစဉ်များနှင့် စာဖက်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဆက်လက် ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ စာဖက်ရှိန်မြှင့်တင်မှုနှင့်ပတ်သက်၍ အွန်လိုင်းမီဒီယာတွင် စာပေဖတ်ရှုနိုင်သော်လည်း အဆိပ်အတောက် သတင်းအချက်အလက်များ လွှမ်းမိုးနေသောကြောင့် မိမိဘဝကို အကျိုးရှိစေမည့် စာပေများကိုသာ ရွေးချယ်ဖတ်ရှုလေ့လာရန် လိုအပ်ပါကြောင်း၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေနိုင်သည့် စာအုပ်၊ စာပေများကိုရွေးချယ်ဖတ်ရှုရန် လိုအပ်ပါကြောင်း၊ စာသင်ကျောင်းများတွင် ကျောင်းစာကြည့်တိုက်များ ဖွင့်လှစ်ပေးခြင်းနှင့် အဆင့်မြှင့်တင်ပေးခြင်းများကို အဆင့်ဆင့် တာဝန်ရှိသူများက ဆောင်ရွက်ပေးရန်နှင့် ကျေးလက်နေ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများအတွက် အမှန်တကယ်အကျိုးဖြစ်စေနိုင်သည့် စာအုပ်စာပေများကို သက်ဆိုင်ရာ စာကြည့်တိုက်များတွင် ထားရှိပေးနိုင်ရေးအတွက် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွက် ထောက်ပံ့ငွေပေးအပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးညွန့်ရွှေမှ လက်ခံရယူပြီး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွက် စာအုပ်စာစောင်နှင့် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းရာ တောင်ကြီးတက္ကသိုလ်မှ ရပ်ကွက်ကျေးရွာ၊ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးရေးအတွက် စာအုပ်၊ စာစောင် (၆၂၇) အုပ်၊ ရှမ်းပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်း ဥက္ကဋ္ဌမှ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာအုပ်၊စာစောင်(၁၆၀)အုပ်၊ ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအတွက် အာဟာရဒါနနှင့်ကာယ၊ ဉာဏပြိုင်ပွဲများတွင် ဆုချီးမြှင့်နိုင်ရန် အလှူငွေကျပ်(၅)သိန်း၊ အကောက်ခွန်ဦးစီးဌာနမိသားစုမှ အလှူငွေကျပ်(၅)သိန်း၊ ရှမ်းပြည်နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ အလှူငွေကျပ်(၃)သိန်း၊ ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးမှ အလှူငွေကျပ်(၁)သိန်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးမှ အလှူငွေကျပ်(၁)သိန်း၊ ခရိုင်လမ်းဦးစီးဌာန ခရိုင်ဦးစီးမှူးမှ အလှူငွေကျပ်(၁)သိန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးမှ အလှူငွေကျပ်(၁)သိန်း အသီးသီးပေးအပ်လှူဒါန်းပေးကြရာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးတို့က လက်က်ခံရယူခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများအား မုန့်နှင့်အအေးများ ဝေငှပေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများမှ စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်တေးသီချင်းနှင့် ဦးရွှေရိုး ဒေါ်မိုးအက၊ စာဖတ်စို့ တေးသီချင်းဖြင့် ကပြဖျော်ဖြေကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ကပြဖျော်ဖြေပေးသော ကျောင်းသား ၊ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ခဲ့သည်။
၎င်းနောက် ပြည်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် စာအုပ်နှင့် ဓာတ်ပုံပြခန်း၊ ကျောင်းသား၊ ကျောင်းသူများမှ သိပ္ပံပြခန်း၊ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင်၊ ကျောင်းသား၊ ကျောင်းသူများမှ ရုပ်ပုံဆက်၊ စကားလုံးဆက်၊ မြားပစ်၊ စက်ဝိုင်းလှည့်၊ ခါးလှည့်ပြိုင်ပွဲ၊ ခုံဖိနပ်စီးပြိုင်ပွဲ၊ ခွက်နင်းပြိုင်ပွဲများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။
အဆိုပါစာ ကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် စာရေးဆရာမ ငွေခြည်လင်းလက်(မြန်မာစာ)က စာကြည့်တိုက်သို့သွားကြစို့နှင့် စာရေးဆရာမ ရွှေလေညင်းက ကျွန်မချစ်သောစာကြည့်တိုက် ခေါင်းစဉ်တို့ဖြင့် စာပေဟောပြောပေးကြပြီး ယနေ့ကျင်းပပြုလုပ်သည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖက်ရှိန်မြှင့်တင်ရေးပွဲတော်သို့ အမှတ်(၄)၊ (၆)၊ (၁၀) အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၁၀၀၀)ကျော် လာရောက်လေ့လာကြပြီး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၃၀၀၀)ကျော် ပါဝင်ဆင်နွဲခဲ့ကြသည်။
ဇူလိုင်လ(၂၃)ရက်နေ့တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖက်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကျပန်းစကားပြော ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းနှင့် စာအုပ်ပြပွဲ၊ ဓာတ်ပုံပြပွဲ၊ အခြေခံပညာကျောင်းများ၏ သိပ္ပံပြခန်းများအား ခင်းကျင်းပြသသွားမည်ဖြစ်ပြီး တောင်ကြီးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ လာရောက်လေ့လာကြမည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)