နေပြည်တော် ဇူလိုင် ၂၂
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ဆီထွက်သီးနှံကုန်ကြမ်းများ တစ်နှစ်ပတ်လုံးထွက်ရှိစေရေး၊ ဒေသနှင့်ကိုက်ညီသည့် သီးနှံပုံစံပြောင်းလဲစိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။
အစည်းအဝေးသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံကုန်ကြမ်းများ တစ်နှစ်ပတ်လုံးထွက်ရှိရေး တိုးချဲ့စိုက်ပျိုးဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ နေပြည်တော်အတွင်း ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံကုန်ကြမ်းများ အချိန်မီရရှိစေရေးနှင့် တစ်နှစ်ပတ်လုံး ထွက်ရှိစေရေးအတွက် ရေမြေသဘာဝနှင့် ကိုက်ညီသည့် ဆီထွက်သီးနှံစိုက်ပျိုးခြင်းပုံစံ (Cropping Pattern) ရေးဆွဲဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း၊ လယ်၊ ယာ၊ ကိုင်း/ကျွန်း၊ ဥယျာဉ်ခြံ၊ သစ်တော၊ တောင်ယာ၊ အခြားစသည့် မြေအမျိုးအစားအလိုက် မိုးကောင်းသောက်၊ ဆည်ရေ၊ ရေတင် စသည့် ရေရရှိမှုနည်းလမ်းများကို အခြေခံပြီး ရေးဆွဲရမည်ဖြစ်ကြောင်း၊ ထို့ပြင် တောင်သူအသိပညာပေး စင်တာများတွင် စိုက်ပျိုးစွမ်းအား မြှင့်တင်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက နေပြည်တော်အတွင်း ဆီထွက်သီးနှံကုန်ကြမ်းများ တစ်နှစ်ပတ်လုံး ထွက်ရှိစေရေး၊ ဒေသနှင့်ကိုက်ညီသည့် သီးနှံပုံစံပြောင်းလဲစိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုအခြေအနေများ၊ တစ်နှစ်သုံးသီး စိုက်ပျိုးမည့် အစီအမံများ၊ စီမံကိန်းလျာထားချက်များ၊ ဆီထွက်သီးနှံတစ်နှစ်ပတ်လုံး ကုန်ကြမ်းရရှိရေးအတွက် ဆောင်ရွက်မည့်အစီအစဉ်များ၊ မျိုးသန့်မျိုးစေ့ထုတ် လုပ်ငန်းများဆောင်ရွက်နေမှု၊ ဆည်ရေလှောင်တမံများအလိုက် ရေဝင်ရောက်မှု၊ ရေအလေအလွင့် ဆုံးရှုံးမှုနည်းပါးစေရေး၊ စိုက်ပျိုးရေပြည့်ဝစွာရရှိရေး၊ စိုက်ပျိုးရေရရှိနိုင်မည့် နည်းလမ်းများဖြင့် ဆောင်ရွက်နေမှု၊ သီးနှံပုံစံပြောင်းလဲစိုက်ပျိုးနိုင်ရေး ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်