နိုင်ငံတော်က အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် သတင်းအချက်အလက်၊ နည်းပညာ၊ ငွေကြေးပံ့ပိုးကူညီမှုတို့ဖြင့် “သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်ကဏ္ဍမြှင့်တင်နိုင်ရန်” ရည်ရွယ်၍ အလုပ်အကိုင်အခွင့်အလမ်းများကို အဓိကထား ဖန်တီးဖော်ဆောင်ပေးလျက်ရှိပါသည်။
ထိုသို့ အကောင်အထည်ဖော်ဆောင်ရွက်ပေးရာတွင် ကရင်ပြည်နယ် မြဝတီမြို့တွင်တည်ရှိသည့် “Lin Block (Cellular Lightweight Concretes)” အုတ်လုပ်ငန်းမှ ထုတ်လုပ်ဖြန့်ဖြူးနေမှုအခြေအနေကို ပြည်သူများသိရှိစေရန် အုတ်လုပ်ငန်းရှင် ဦးနေလင်းထွန်းနှင့် တွေ့ဆုံမေးမြန်းထားမှုကို တင်ပြလိုက်ပါသည်-
မေး။ ။“Lin Block’’ အုတ်လုပ်ငန်း စတင်တည်ထောင်ဖြစ်ပုံကို သိပါရစေ။
ဖြေ။ ။ အုတ်လုပ်ငန်းကို ၂၀၁၇ ခုနှစ်က စတင်တည်ထောင်ခဲ့ပါတယ်။
မေး။ ။အုတ်လုပ်ငန်းကို မိဘလက်ထက်က စတင်ပြီး လက်ဆင့်ကမ်း တည်ထောင်ခဲ့တာလား သိပါရစေ။
ဖြေ။ ။ အုတ်လုပ်ငန်းကို ကိုယ်တိုင်တည်ထောင်ခဲ့ပါတယ်။ မိသားစုစီးပွားရေးလုပ်ငန်းပါ။
မေး။ ။ အုတ်လုပ်ငန်း ထုတ်လုပ်ရခြင်းရည်ရွယ်ချက် သိပါရစေ။
ဖြေ။။ အုတ်လုပ်ငန်း ထုတ်လုပ်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ မြေအုတ်နေရာမှာ အစားထိုးအသုံးပြုခြင်းဖြင့် မြေဆီလွှာထိန်းသိမ်းနိုင်ခြင်း၊ ထင်း၊ မီးသွေးအသုံးပြုရတဲ့အတွက် သစ်တော၊ သစ်ပင်ပြုန်းတီးမှုမှ ကာကွယ်ထိန်းသိမ်းခြင်းလည်းဖြစ်ပါတယ်။ မိမိပတ်ဝန်းကျင်မှာလည်း အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်းဖြင့် မိသားစုဝင်ငွေ တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ပါတယ်လို့ ပြောချင်ပါတယ်။
မေး။ ။ အုတ်လုပ်ငန်းက ထုတ်လုပ်တဲ့ အရွယ်အစားနဲ့ အရေအတွက် သိပါရစေ။
ဖြေ။ ။ အုတ်ကို အရွယ်အစားသုံးမျိုး ထုတ်လုပ်ပါတယ်။ ပထမအမျိုးအစား ၆၀၀ မီလီမီတာ၊ ၂၀၀ မီလီမီတာနဲ့ ၁၀၀ မီလီမီတာ၊ ဒုတိယအမျိုးအစား ၆၀၀ မီလီမီတာ၊ ၂၀၀ မီလီမီတာနဲ့ ၁၅၀ မီလီမီတာ၊ တတိယအမျိုးအစား ၆၀၀ မီလီ မီတာ၊ ၂၀၀ မီလီမီတာနဲ့ ၂၀၀ မီလီမီတာတို့နဲ့ သုံးမျိုးထုတ်လုပ်ပါတယ်။ ဒါ့အပြင် အုတ်တံတိုင်း ကာရံတဲ့အခါမှာသုံးတဲ့ အလှကွက်အုတ်ဘောင်လည်း ထုတ်လုပ်ပါတယ်။ Colour ရောင်စုံအုတ်ထုတ်လုပ်ပါတယ်။
မေး။ ။ အုတ်လုပ်ငန်း လည်ပတ်မှုအတွက် ဝန်ထမ်းဦးရေ ဘယ်လောက်ရှိပါသလဲ။ ဝန်ထမ်းတွေရဲ့ နေထိုင်မှု၊ ကျန်းမာရေး ဘယ်လိုစီစဉ် ဆောင်ရွက်ပေးပါသလဲ သိပါရစေ။
ဖြေ။ ။ ဝန်ထမ်းဦးရေ အမျိုးသားစုစုပေါင်း ခြောက်ဦးရှိပါတယ်။ ဝန်ထမ်းတွေရဲ့ နေထိုင်မှုအတွက် စီစဉ်ပေးထားပါတယ်။ ကျန်းမာရေး အစစအရာရာ စီစဉ်ဆောင်ရွက်ပေးပါတယ်။ ဝန်ထမ်းတွေအတွက် ပညာလည်းရ၊ ဝင်ငွေလည်းရတဲ့ Cash for Work ဖြစ်အောင် စီစဉ်ဆောင်ရွက်ပေးပါတယ်။
မေး။ ။ အလုပ်သမားတွေရဲ့ အခြေခံလစာနဲ့ အမြင့်ဆုံးလစာ သတ်မှတ်ချက် ဘယ်လိုဆောင်ရွက်ပေးပါသလဲ၊ အုတ်လုပ်ငန်းနေ့စဉ် ဆောင်ရွက်မှုရှိပါသလား သိပါရစေ။
ဖြေ။ ။ အလုပ်သမားတစ်ဦးရဲ့ တစ်နေ့လုပ်အားခ ငွေကျပ် ၁၁၀၀၀ ပါ။ အမြင့်ဆုံးတစ်နေ့ ဝန်ထမ်းတစ်ဦး လုပ်အားခ ငွေကျပ် ၁၃၀၀၀ ပေးပါတယ်။ အုတ်လုပ်ငန်း နေ့စဉ်ဆောင်ရွက်ပါတယ်။
မေး။ ။ အုတ်လုပ်ငန်း လုပ်ကိုင်ဖြန့်ဖြူးပေးမှုအခြေအနေနဲ့ ရောင်းချပေးမှု ဈေးနှုန်းအမျိုးအစားကို သိပါရစေ။
ဖြေ။ ။ ရောင်းချပေးမှုအနေနဲ့ကတော့ Customer အများစု ဖုန်းနဲ့ဆက်သွယ်မှာယူပါတယ်။ လူကိုယ်တိုင်လာရောက်ကြည့်ရှုပြီး ဝယ်ယူရင်လည်း အိမ်တိုင်ရာရောက် ပို့ဆောင်ပေးပါတယ်။ ရောင်းချပေးမှုဈေးနှုန်းကတော့ ၆၀၀ မီလီမီတာ၊၂၀၀ မီလီမီတာနဲ့ ၁၀၀ မီလီမီတာအရွယ်အစားအတွက် ငွေကျပ်၂၈၀၀ ပါ။ ၆၀၀ မီလီမီတာ၊ ၂၀၀ မီလီမီတာနဲ့ ၁၅၀ မီလီမီတာအရွယ်အစားကို ငွေကျပ် ၄၁၀၀ နှင့် ၆၀၀ မီလီမီတာ၊ ၂၀၀ မီလီမီတာနဲ့ ၂၀၀ မီလီမီတာ ငွေကျပ် ၅၆၀၀ နဲ့ ဖြန့်ဖြူးရောင်းချပေးပါတယ်။ ရောင်းချမှုကိုတော့ ကန်ထရိုက်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပါတယ်။ တည်ဆောက်ရေး လုပ်ငန်းအများစုနဲ့လည်း ချိတ်ဆက်ဆောင်ရွက်ပါတယ်။
မေး။ ။အုတ်ထုတ်လုပ်ရာမှာ ပါဝင်တဲ့ပစ္စည်းအမျိုးအစား၊ မှာယူရရှိမှုအခြေအနေသိပါရစေ။
ဖြေ။ ။ အုတ်ထုတ်လုပ်ရာမှာ အခြေခံအားဖြင့် သဲ၊ ဘိလပ်မြေ၊ Foaming Agent၊ တဆေးနဲ့ ရေတို့ကို အချိုးအစားအတိုင်း စက်နဲ့ဖျော်စပ်ပြီး ရရှိလာတဲ့အခါ ပုံစံခွက်ထဲသွန်းလောင်း၊ အပူချိန်အတိုင်းအတာစောင့်ပြီး Cutting ပိုင်းမှာ စက်အရေအတွက် နှစ်ခုနဲ့ဖြတ်ပါတယ်။ နောက် တစ်ဆင့်အနေနဲ့ ၁၂ နာရီကြာအောင်ထားရှိပြီး အချောထည်ထွက်ရှိပါတယ်။ ကုန်ကြမ်းဝယ်ယူမှုကတော့ မြို့ပေါ် မှာရှိတဲ့ အိမ်ဆောက်ပစ္စည်းဆိုင်က မှာယူပါတယ်။ သဲကိုတော့ သောင်ရင်းမြစ်က ထွက်ရှိတဲ့သဲကို သဲစက်ကနေ မှာယူပါတယ်။
မေး။ ။ အုတ်လုပ်ငန်းမှ တစ်နေ့ထုတ်လုပ်ထွက်ရှိမှုပမာဏ သိပါရစေ။
ဖြေ။ ။ အုတ်လုပ်ငန်းမှ တစ်နေ့ထုတ်လုပ်မှု ပမာဏကတော့ ပုံစံခွက်ကန်အကြီး တစ်နေ့အလုံး ၂၀ ထွက်ရှိပါတယ်။ အဲဒီကမှ တစ်ဆင့် အုတ်အလုံးအရွယ်အစားလိုက် ပြန်လည်ဖြတ်တောက်ပါတယ်။
မေး။ ။ ဘလောက်အုတ် မှာယူအသုံးပြုမှု အခြေအနေသိပါရစေ။ နောက်ထပ် အုတ်လုပ်ငန်းတိုးချဲ့ဆောင်ရွက်ဖို့ အစီအစဉ်ရှိပါ သလား။
ဖြေ။။ လုပ်ငန်းရှင်တွေကတော့ ဂိုဒေါင်တည်ဆောက်အသုံးပြုဖို့အတွက် မှာယူတာများပါတယ်။ အိမ်ဆောက်ဖို့အသုံးပြုသူတွေ မှာယူပါတယ်။ လုပ်ငန်းတိုးချဲ့တဲ့အနေနဲ့ ဆိုင်ခွဲဖွင့်လှစ်ဖို့ အစီအစဉ်တွေရှိပါတယ်။ ရန်ကုန်မြို့မှာ ထပ်မံဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ ကောင်းမွန်တဲ့ အရည်အသွေး ထပ်မံထုတ်လုပ်ဖို့ စီစဉ်ထားရှိပါတယ်။
မေး။ ။ ယနေ့ခေတ် လူငယ်လေးတွေ အားကျအတူယူဖွယ် မိမိကိုယ်တိုင်စီးပွားရေး ဖန်တီးဖော်ဆောင်နိုင်မယ့် ခွန်အားပေးစကား သိပါရစေ။
ဖြေ။ ။ ကျွန်တော်ကတော့ လူငယ်တွေအနေနဲ့ မိမိလုပ်ကိုင်ဆောင်ရွက်တဲ့ အလုပ်အပေါ်မှာ စေတနာထားလုပ်ကိုင်ဆောင်ရွက်ရင် စေတနာအကျိုး ပြန်လည်ခံစားရမှာဖြစ်ပါတယ်။ ခွန်အားဖြစ်စေမယ့် အားပေးစကားအနေနဲ့ကတော့ ဘယ်လုပ်ငန်းမှာမဆို လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေအားလုံး တစိုက်မတ်မတ် လေ့လာသင်ယူဖို့ လိုပါတယ်။ နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်လာတာနဲ့ အမျှ စဉ်ဆက်မပြတ် ကြိုးစားအားထုတ်ဖို့ လိုအပ်ပါတယ်။ ဒါမှ သူများထက် ပိုမိုအောင်မြင်နိုင်မှာဖြစ်ပါတယ်။ ကိုယ်သင်ယူထားတဲ့ပညာထက် ပိုတတ်အောင် အစဉ်လေ့လာသင်ယူသင့်ပါတယ်။ မိသားစုဝင်ငွေကိုလည်း တစ်ဖက်တစ်လမ်းကနေ ကူညီနိုင်မှာဖြစ်ပါတယ်။ စား၊ ဝတ်၊ နေရေး အဆင်ပြေလာရင် လူမှုစီးပွားဘဝတိုးတက်လာမှာ ဖြစ်ပါတယ်လို့ ပြောကြားချင်ပါတယ်။
နိုင်ငံတော်က ပြည်သူလူထု၏ အလုပ်အကိုင်အခွင့်အလမ်းများ၊ လူမှုစီးပွားဘဝများ မြှင့်တင်နိုင်ရန် စီးပွားရေးကဏ္ဍဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးဖော်ဆောင်ပေးပြီး တစ်ဦးချင်းဝင်ငွေ မြင့်မားတိုးတက်အောင် အဘက်ဘက်မှ ဆောင်ရွက်ပေးနေသကဲ့သို့ ကရင်ပြည်နယ် မြဝတီခရိုင်အတွင်း၌ ၂၀၂၄ ခုနှစ် ဇွန်လအထိ MSME အသင်းဝင်ကတ်ထုတ်ပေးပြီးသည့် အသေးစားစီးပွားရေးလုပ်ငန်း ၁၉၃ ခုနှင့် အလတ်စားစီးပွားရေးလုပ်ငန်း ၂၅ ခု စုစုပေါင်း ၂၁၈ ခုရှိကြောင်း ခရိုင်စက်မှုကြီးကြပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးမာထံမှ သိရသည်။ ။
တွေ့ဆုံမေးမြန်း - ဇာဖြူဝင်း(မြဝတီ)၊ ဓာတ်ပုံ - သီရိချော(မြဝတီ)