နေပြည်တော် ဇူလိုင် ၂၁
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၇ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ ၁၉ လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် တရုတ်နိုင်ငံထုတ် GI Pipe ၄၀၁၀၀ ကီလို ဂရမ် စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၈၉၄၇၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ဇူလိုင် ၁၉ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သံလွင်တံတား ပူးပေါင်းစစ်ဆေးရေးဂိတ် (တရုတ်လှဘက်ခြမ်း)၌ ဘားအံမြို့မှ သထုံမြို့သို့ သွားရောက်မည့် မော်တော်ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် ပုဇွန်နှစ်ကောင်စားသုံးဆီ ၅ လီတာပါ ဘူး ၆၈၀၊ ပုဇွန် တစ်ကောင်စားသုံးဆီ ၁၈ လီတာ ပါ ပုံး ၁၇၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၄၈၀၀၀၀)နှင့် အဆိုပါပစ္စည်း များ တင်ဆောင်လာသည့် Mitsubishi Fuso Canter နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် ၉၄၄၈၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဇူလိုင် ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်နှင့် ပြည်ခရိုင်တို့အတွင်း၌ တရားမဝင် ကျွန်းသစ် ၀ ဒသမ ၁၀၅ တန်၊ သစ်မာ ၅ ဒသမ ၆၃၃ တန်၊ အခြားသစ် ၀ ဒသမ ၄၃၁ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈၄၀၈၄၀)ကို သစ်တောဥပဒေအရလည်းကောင်း၊ ပဲခူးခရိုင် ပဲခူးမြို့နယ်၌ လိုင်စင်မဲ့ Honda Freed မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၉၈၄၀၈၄၀ ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဇူလိုင် ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့မော်တော်ယာဉ်များ ဖြစ်သည့် Nissan AD Van နှစ်စီး၊ Toyota Wish တစ်စီး၊ Honda Fit တစ်စီး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၀၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဇူလိုင် ၁၇ ရက်၊ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၃ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၁၂၆၇၈၄၀)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်