Skip to main content

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ ကောင်းမှုကုသိုလ် ပြုလုပ်သူများဖြင့်စည်ကား

နေပြည်တော် ဇူလိုင် ၂၀

ယနေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သကဲ့သို့ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ဖြစ်သည့်အတွက် နိုင်ငံတစ်ဝန်းရှိ ဘုရားစေတီများ၌ ပြည်သူများ ဝါဆိုသင်္ကန်းနှင့်ဝါဆိုပန်းများ ကပ်လှူပူဇော်ခြင်း၊ အလှူဒါနပြုခြင်း၊ သီလဆောက်တည်ကြခြင်းနှင့် တရားဘာဝနာပွားများခြင်း စသည့်ကုသိုလ်ကောင်းမှုများကို ပြုလုပ်လျက်ရှိရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ တန်ခိုးကြီးဘုရား စေတီပုထိုးများ၌လည်း ဗုဒ္ဓဘာသာအစဉ်အလာနှင့်အညီ ကုသိုလ်ကောင်းမှုပြုလုပ်၍ သီတင်းသီလဆောက်တည်ကြသူ ရဟန်းရှင်လူ ပြည်သူများဖြင့် စည်ကားခဲ့သည်။

နံနက်ပိုင်းမှစတင်၍ ပြည်ထောင်စုနယ်မြေနေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ကြည်ညိုသဒ္ဓါပွားများစွာဖြင့် လာရောက်ဖူးမြော်ကြသည့် ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားခဲ့သည့်အပြင် ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များအသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက်များအတွင်း၌ စိတ်ဝင်တစားဖြင့် လေ့လာကြည့်ရှု ကြသည်ကိုလည်း တွေ့မြင်ရသည်။

ထို့ပြင် ဘုရားဖူးလာပြည်သူများသည် အံ့မခန်းဗိသုကာလက်ရာများဖြင့် တည်ဆောက်ပူဇော်ထားသည့် အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီတော်များနှင့် အခြားသာသနိက အဆောက်အဦများကို ဆက်လက်ဖူးမြော် လေ့လာကြည်ညိုကြကာ ရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်တော်အတွင်းနှင့် ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ စနစ်တကျတည်ဆောက်ထားရှိသည့် ရေပန်းရင်ပြင်နှင့် ရေပန်းဝိုင်းအကြီး၊ ရေပန်းဝိုင်း အသေးနေရာများ၌လည်း မိသားစုအလိုက်လည်းကောင်း၊ မိတ်ဆွေသူငယ်ချင်း အစုအဖွဲ့ လိုက်လည်းကောင်း ပျော်ရွှင်စွာ အမှတ်တရဓာတ်ပုံရိုက်နေကြသည့် မြင်ကွင်းကိုလည်း ကြည်နူးဖွယ်ရာတွေ့မြင်ရသည်။

အလားတူ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၌လည်း ဝါဆိုရွှေကြာသင်္ကန်းကပ်လှူခြင်း အခမ်းအနားကို ကျင်းပခဲ့ရာ စိတ်အေးချမ်းသာစွာဖြင့် ပါဝင်ကုသိုလ်ယူပြီး သီတင်းသီလဆောက်တည်ကြသည့် နေပြည်တော်နှင့်ပတ်ဝန်းကျင်မြို့နယ်၊ ကျေးရွာများမှ ဘုရားဖူးလာ ပြည်သူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားခဲ့ပြီး ညနေပိုင်းတွင် ဆီမီးများ ထွန်းညှိပူဇော်ပွဲကိုလည်း ကျင်းပခဲ့ကြသည်။

ထို့ပြင် နေပြည်တော်ရှိ လက်လုပ်တောင် ရွှေနန်းသွင်း စေတီတော်၊ ရွှေလွမ်းတောင် စေတီတော်၊ နေရောင်ပြအင်းစေတီတော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ရန်အောင်မြင်စေတီတော်၊ လယ်ဝေးမြို့ ဖောင်တော်ချက်မစေတီတော်၊ ပျဉ်းမနားဘုရားကိုးဆူစေတီတော်၊ စူဠာမုနိစေတီတော်၊ ဆုတောင်းရဆုတောင်းပြည့်စေတီတော်၊ ဥတ္တရသီရိမြို့နယ်ရှိ သတ္တသတ္တာဟ မဟာဗောဓိ စေတီတော်ကြီးနှင့် “ဖွား၊ ပွင့်၊ ဟော၊ စံ” သံဝေဇနိယ (၄) ဌာန အပါအဝင် ဘုရား၊ စေတီ၊ ပုထိုးများ၊ ဘုန်းကြီးကျောင်းများနှင့် ဓမ္မရိပ်သာများတွင် ဘုရားဖူးများဖြင့် စည်ကားခဲ့ပြီး ဝါဆိုသင်္ကန်း၊ ဝါဆိုပန်းများကပ်လှူခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်း၊ တရားဘာဝနာပွားများခြင်းတို့ဖြင့် ပြည်သူများ ကုသိုလ်ကောင်းမှု ပြုလုပ်လျက်ရှိသည်ကို တွေ့မြင်ရသည်။

ထို့အတူ ဝါဆိုလပြည့်နေ့သည် အများပြည်သူရုံးပိတ်ရက်လည်း ဖြစ်သည့်အတွက် နေပြည်တော်အတွင်း အပန်းဖြေအနားယူရာ နေရာများ၌လည်း လွတ်လပ်ပေါ့ပါးပျော်ရွှင်စွာ အနားယူ အပန်းဖြေကြသည့် ပြည်သူများဖြင့်လည်း စည်ကားခဲ့သည်။

ဝါဆိုလပြည့်နေ့သည် ဘုရားအလောင်းတော် တုသိတာနတ်ပြည်မှ စုတေကာလူ့ပြည်၌ ပဋိသန္ဓေတည်သည့်နေ့၊ သိဒ္ဓတ္ထမင်းသား နိမိတ်ကြီးလေးပါးကိုမြင်၍ တောထွက်တော်မူသောနေ့၊ ဘုရားဖြစ်တော်မူပြီး ဓမ္မစကြာတရားဦးကို ဟောကြားတော်မူသောနေ့၊ သာဝတ္ထိပြည် သရက်ဖြူပင်ခြေရင်း၌ တိတ္ထိတို့ကိုနှိမ်နင်း၍ တန်ခိုးပြာဋိဟာ ပြတော်မူသောနေ့၊ ဘုရားအဖြစ်ကို ဝန်ခံတော်မူ သောနေ့၊ တရားရတနာ စတင်ပေါ်ထွန်းသောနေ့၊ သံဃာရတနာ စတင်ပေါ်သောနေ့၊ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့်ကြုံသောနေ့နှင့် ဧဟိဘိက္ခု-ဟူသောစကားကို စတင်ကြားရသောနေ့ဖြစ်သည့်အတွက် ထူးခြားလှသည့်ဂုဏ်အင်များနှင့် ပြည့်စုံသော နေ့ထူးနေ့မြတ်ဖြစ်ကြောင်းလည်း သိရသည်။

သတင်းစဉ်