Skip to main content

စဉ့်ကူးမြို့အတွင်းဝင်ရောက်နေရာယူ၍ အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်နေသည့် PDF အမည်ခံအကြမ်းဖက်သမားများအား တိုက်ခိုက်ချေမှုန်း၊ လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော် ဇူလိုင် ၂၀

PDF အမည်ခံအကြမ်းဖက်သမားများသည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ လဆန်းပိုင်းမှစ၍ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်အတွင်းသို့ အင်အားအလုံးအရင်းဖြင့်ဝင်ရောက်၍ စဉ့်ကူးမြို့ဝန်းကျင်ရှိ လုံခြုံရေးတပ်စခန်းများကိုတိုက်ခိုက်ခြင်း၊ မြို့အတွင်းသို့ဝင်ရောက်ပြီး မြို့နယ်ရဲတပ်ဖွဲ့စခန်းနှင့် လုံခြုံရေးဆောင်ရွက်နေသောနေရာများကို တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့သည်။

ထို့နောက် PDF အမည်ခံအကြမ်းဖက်သမားများသည် မြို့နှင့်အနီးပတ်ဝန်းကျင်တွင် ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခြင်း၊ လူနေအိမ်များနှင့် အစိုးရ၏အုပ်ချုပ်မှုယန္တရားများရပ်တန့်စေရန် ဌာနဆိုင်ရာအဆောက်အဦများအားမီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်း၊ နေရပ်စွန့်ခွာသူဒေသခံများ၏နေအိမ်များသို့ ဖောက်ထွင်းဝင်ရောက်၍ ပစ္စည်းများယူဆောင်ခြင်း၊ ဖျက်ဆီးခြင်း စသည့်အကြမ်းဖက်အဖျက်အမှောင့်လုပ်ရပ်များကို လုပ်ဆောင်ခဲ့သည်။

PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် စဉ်ကူးမြို့မှ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများသည် နေရပ်စွန့်ခွာတိမ်းရှောင်နေကြရပြီး ထိုကဲ့သို့ အကြမ်းဖက်သမားများ၏ အဖျက်အမှောင့်လုပ်ရပ်များကို လက်မခံနိုင်သော စဉ့်ကူးမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများက ၎င်းတို့၏ရပ်ရွာလုံခြုံရေးအတွက် မြို့၊ ရွာ ကာကွယ်ရေးအဖွဲ့များဖွဲ့စည်းခဲ့ပြီး တပ်မတော်အနေဖြင့် အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter- Terrorism Operation) ဆောင်ရွက်ရန်အတွက် လိုအပ်သည့် မြို့၊ ရွာကာကွယ်ရေး အဖွဲ့များ အပါအဝင် ပြင်ဆင်လေ့ကျင့်ခြင်းနှင့် လိုအပ်သည့်စုဖွဲ့မှုများကို ဆောင်ရွက်ခဲ့သည်။

ထို့ကဲ့သို့ စုဖွဲ့ပြင်ဆင်ပြီးနောက် တပ်မတော်စစ်ကြောင်းများသည် စဉ့်ကူးမြို့အတွင်းနှင့် အနီးပတ်ဝန်းကျင်ရှိ PDF အမည်ခံအကြမ်းဖက်သမားများအား အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter- Terrorism Operation) ဆောင်ရွက်ရန်အတွက် ဇူလိုင်လ ၁၉ ရက်တွင် စဉ့်ကူးနယ်မြေအတွင်းသို့ ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းတို့မှ စနစ်တကျအဆင့်ဆင့်ခြေကုတ်ယူ၍ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများရယူ ချီတက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး စဉ့်ကူးမြို့အား ယနေ့တွင် တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သည်။

PDF အမည်ခံအကြမ်းဖက်သမားများသည် စဉ့်ကူးမြို့အတွင်းသို့ရောက်ရှိနေစဉ်အတွင်း ဘာသာရေးဆိုင်ရာအဆောက်အဦများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာအဆောက်အဦများ၊ လူနေအိမ်များအား အကာအကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်း၊ အများပြည်သူသွားလာအသုံးပြုသည့် ဆက်သွယ်ရေးလမ်းကြောင်းများပေါ်၌ မိုင်းထောင်ခြင်းများ၊ ဒေသခံပြည်သူများကို လူသားတံတိုင်းအဖြစ် အကာအကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်းများကို လုပ်ဆောင်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထုတ်ပြန်ထားသည့် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း (Rules of Engagement-ROE) နှင့်အညီ ဆောင်ရွက်ခဲ့ရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စနစ်တကျစုဖွဲ့၍ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများ ရယူချီတက်တိုက်ခိုက်ချေမှုန်းခဲ့မှုများကြောင့် အကြမ်းဖက်သမားများသည် လူနေအိမ်များနှင့် ဌာနဆိုင်ရာအဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း စသည့်အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်၍ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် စဉ့်ကူးမြို့နှင့်အနီးပတ်ဝန်းကျင်တစ်ဝိုက်အား လိုအပ်သည့်လုံခြုံရေးနှင့်နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။