Skip to main content

အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ ရန်ကုန်မြို့တော်ခန်းမ၌ ဆွမ်းဆက်ကပ်ခြင်းနှင့် အလှူဒါနပြုအမျှပေးဝေခြင်းအခမ်းအနား ကျင်းပ

ရန်ကုန် ဇူလိုင် ၁၉

၂၀၂၄ ခုနှစ် (၇၇) နှစ်မြောက် အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီး များအားရည်စူး၍ ဆွမ်းဆက်ကပ် ခြင်း၊ အလှူဒါနပြုအမျှပေးဝေခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ (၇၇) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများ၊ ကော်မတီဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ မင်းကျောင်း ပထမပြန်စာသင်တိုက်ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူကြသည့် မေတ္တသုတ်အစချီသော ပရိတ်တရားတော်များကို နာယူကြကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ အနုမောဒနာတရားနာယူကြပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

သတင်းစဉ်