နေပြည်တော် ဇူလိုင် ၁၉
၂၀၂၄ ခုနှစ် (၇၇) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး တက်ရောက်ဂါရဝပြုသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ဒေါက်တာမှုထန်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး၊ (၇၇)နှစ်မြောက်အာဇာနည်နေ့အခမ်းအနားကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမောင်မောင်အုန်း၊ ဦးမြင့်နောင်၊ ဒေါက်တာသက်ခိုင်ဝင်း၊ (၇၇)နှစ်မြောက်အာဇာနည်နေ့ အခမ်းအနားကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အခမ်းအနားကျင်းပရေးလုပ်ငန်းကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးသည် အဖွဲ့ဝင်များနှင့်အတူ အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးသည် ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ပြည်ထောင်စုတရားသူကြီးချုပ်ဦးသာဌေး၊ (၇၇)နှစ်မြောက်အာဇာနည်နေ့အခမ်းအနား ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်တို့သည် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွမ်းသူ့ပန်းခွေချ၍ အလေးပြုကြသည်။
ယင်းအချိန်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တိုင်ဝက်သို့ လျှော့ချလွှင့်ထူပြီး ဂုဏ်ပြုတပ်ဖွဲ့က သေနတ်မြှောက်၍လည်းကောင်း၊ စစ်ခရာအဖွဲ့က ကျဆုံးရဲဘော်အလေးပြုခရာမှုတ်၍လည်းကောင်း အလေးပြုကြပြီး ၂ မိနစ်ငြိမ်သက်စွာ မေတ္တာပို့သ အမျှပေးဝေကြသည်။
ယင်းနောက် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သားအကြီးဖြစ်သူ ဦးအောင်ဆန်းဦးနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များ၊ ကိုယ်စားလှယ်များက အထိမ်းအမှတ်ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ ဂါရဝပြုကြပြီး မေတ္တာပို့သအမျှပေးဝေကြသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မှတ်ပုံတင်ခွင့်ပြုထားသည့် ရန်ကုန်အခြေစိုက် နိုင်ငံရေးပါတီများမှကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံရုံးအကြီးအကဲများနှင့် သံရုံးယာယီတာဝန်ခံများ၊ ကုလသမဂ္ဂဌာနေကိုယ်စားလှယ်ရုံးများမှ ဌာနေကိုယ်စားလှယ်များသည် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အထိမ်းအမှတ်ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ အလေးပြုကြသည်။
ထို့နောက် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို)၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံဗိသုကာကောင်စီ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်သမ္မတဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအသင်း၊ မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၊ ခရစ်ယာန်ကလျာဏယုဝအသင်း (YMCA)၊ ရှင်သန်ရေးကူညီမှုအသင်း၊ မြန်မာနိုင်ငံဆရာဝန်များအသင်း၊ မြန်မာ-အိန္ဒိယချစ်ကြည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ်၊ မြန်မာမွတ်စလင်အမျိုးသားရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ မြန်မာနိုင်ငံစာရေးဆရာအသင်း၊ မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း၊ မြန်မာနိုင်ငံသတင်းစာဆရာများအသင်း၊ မြန်မာနိုင်ငံဟိန္ဒူအဖွဲ့ချုပ်၊ မြန်မာနိုင်ငံပန်းချီ/ပန်းပုအစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတို့အပါအဝင် လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အထိမ်းအမှတ်ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ အလေးပြုကြသည်။
ယင်းနောက် (၇၇) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်ဂါရဝပြုကြသည့် ရဟန်းရှင်လူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အများပြည်သူများက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်(၁၉)ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျတန်းစီ၍ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားကို အောက်မေ့အမှတ်ရသောအားဖြင့် ဂါရဝပြုကြသည်။
၂၀၂၄ ခုနှစ် (၇၇) နှစ်မြောက် အာဇာနည်နေ့တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို နိုင်ငံတစ်ဝန်းလုံး တိုင်ဝက်လွှင့်ထူခဲ့ကြပြီး အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်တွင် မြန်မာအသံနှင့်ရုပ်မြင်သံကြားက ဥဩဆွဲအချက်ပေးခဲ့သည်။
ယနေ့တွင် အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၊ အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး)များသို့ အများပြည်သူများကလည်း လာရောက်ဂါရဝပြုလေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။