Skip to main content

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးကာကွယ်ရေးတာများ၏ ကြံ့ခိုင်မှုနှင့် ရေဘေးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇူလိုင် ၁၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ညောင်တုန်းမြို့နယ် မိုးမခကျေးရွာရှိ ပန်းလှိုင်ရေထိန်းတံခါးနှင့် ပန်းလှိုင်မြစ် ရေစီးရေလာမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ကြည့်ရှုစစ်ဆေးစဉ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက မိုးရာသီ၌ ပန်းလှိုင်မြစ်ရေဝင်ရောက်မှု၊ စိုက်ပျိုးမြေများကို ရေကြီးနစ်မြုပ်မှုမှ ကာကွယ်ပေးလျက်ရှိသည့် ပန်းလှိုင်ရေထိန်းတံခါးအခြေအနေ၊ နှစ်စဉ်နွေစပါး ၆၀၁၉ ဧကနှင့် အခြားသီးနှံ ၁၆၄၂ ဧကတို့အား စိုက်ပျိုးရေပေးဝေ အကျိုးပြုလျက်ရှိမှု၊ နွေစပါး ရေရရှိစေရန်နှင့် မြစ်ရေပြန်ကျချိန်တွင် ကွင်းရေပြန်ထုတ်ရန် လုပ်ငန်းဆောင်ရွက်မှုအခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက မူလသတ်မှတ်သည့် လျာထားဧကပြည့်မီအောင် စိုက်ပျိုးနိုင်ရေး၊ ရေသောက်ဧရိယာအတွင်း နွေစပါးသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရန် စိုက်ပျိုးရေ လုံလောက်စွာပေးဝေနိုင်ရေး၊ မိုးတွင်းကာလ ရေဘေးကာကွယ်ရေးတာများ ကြိုတင်ပြင်ဆင်သကဲ့သို့ ရေတံခါးများ ကြံ့ခိုင်လုံခြုံမှုရှိစေရေး ပြင်ဆင်ကြရန်လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီးအတွင်း မြစ်ရေများ မြင့်တက်လာမှုအခြေအနေအရ ရေဘေးကာကွယ်ရေးတာများ၏ ကြံ့ခိုင်မှုနှင့် ရေဘေးကာကွယ်ထားရှိမှုအခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ညောင်တုန်းမြို့နယ် ချောင်းကြီး၊ ဂန်ချောင်းရေကင်းစခန်း တာမိုင် ၁၂ မိုင် ၄ ဖာလုံ၊ စက္ကော့ဒေသ ကြိမ်ပင်ဆည်ရေကင်းစခန်း တာမိုင် ၆၇ မိုင် ၄ ဖာလုံ၊ ဓနုဖြူမြို့ အမှတ်(၄)ရပ်ကွက် ကမ်းနားလမ်းရှိ ဧရာဝတီဆိပ်ကမ်း မြစ်ရေမြင့်တက်မှုအခြေအနေ၊ ဇလွန်မြို့နယ် ကမ်းရင်းတာ တာမိုင် ၂၅ မိုင် ၂ ဖာလုံ (ဆန်တန်း)ရေကင်းစခန်းနှင့်တာတမံအခြေအနေ၊ ဒေါင့်ကြီးကျေးရွာ ရေခင်းအမှတ် (၁) တာမိုင်၂၁ မိုင်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက တာတမံကြံ့ခိုင်မှုအခြေအနေကို အချိန်လှည့်ဇယားများဖြင့် နေ့ညမပြတ် လှည့်လည်ကြည့်ရှုစစ်ဆေးရန်၊ ရေဘေးကာကွယ်ရေးတာများတွင် ရေပေါက်၊ ထူးပေါက်များဖြစ်ခြင်း၊ တာအိတာလျှောဖြစ်ခြင်းများနှင့် ရေစိမ့်ထွက်ခြင်းတို့ကို စစ်ဆေးတွေ့ရှိပါက အချိန်နှင့်တစ်ပြေးညီ ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ရန်၊ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေးအထူးဂရုစိုက်ကြရန်၊ ထူးခြားဖြစ်စဉ်များဖြစ်ပေါ်လာပါက ဆောလျင်စွာသိရှိနိုင်ရန်နှင့် ဆောလျင်စွာကြိုတင်ကာကွယ်မှုများပြုလုပ်နိုင်ရေး ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများမှတစ်ဆင့် ပြည်သူများသို့ဆက်သွယ်အသိပေးသွားကြရန်၊ ရေဘေးကာကွယ်ရေးလုပ်ငန်းစဉ်များအတိုင်း လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားပြီး တာတမံဘေးကင်းလုံခြုံရေးဆောင်ရွက်နေကြသည့် တာတမံဝန်ထမ်းများ၊ တာတမံလုပ်သားများကို ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။

ထို့ပြင် ဟင်္သာတမြို့နယ် ဖောင်ဆိပ်ကျေးရွာအနီးဖြတ်တာ (၁-ဂ) နှင့် အသစ်တည်ဆောက်ထားသောဖြတ်တာ (၁-င) တာ ထိန်းသိမ်းဆောင်ရွက်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဦးစားပေးအပိုင်းလိုက် လိုအပ်သည်များ ကြိုတင်စီမံဆောင်ရွက်နိုင်ရေးနှင့် လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို မှာကြားခဲ့ကြောင်းသိရသည်။

သတင်းစဉ်