Skip to main content

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းညှိနှိုင်းစည်းဝေး

ရန်ကုန် ဇူလိုင် ၁၈

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။

အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီးပါမောက္ခ ဒေါက်တာအေးထွန်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာ ဝန်ကြီးဦးဌေးအောင်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာနနှင့် ဆေးသုတေသနဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် (ငြိမ်း)၊ နေပြည်တော်နှင့် ရန်ကုန်တိုင်းဒေသကြီးရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများတက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေမှုများနှင့်ပတ်သက်၍ ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများကို ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် ဘက်စုံ၊ ကဏ္ဍစုံမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် နေသည့်အတွက် လတ်တလောတွင် စတင်ထိန်းချုပ်နိုင်သော အခြေအရောက်ရှိပြီဖြစ်ကြောင်း၊ “လူ့အသက်ထက်အရေးကြီးသော အရာမရှိ ဟူသော နိုင်ငံတော်၏မူဝါဒနှင့်အညီ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါကဲ့သို့သော ကူးစက်မြန်ရောဂါထိန်းချုပ်ရေး၊ မိုခါမုန်တိုင်း နောက်ဆက်တွဲကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါကပ်အသွင် ဖြစ်ပွားမှုမရှိစေရေးတို့ကို နိုင်ငံတော်အကြီးအကဲများ၏လမ်းညွှန်မှု သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပြည်သူလူထု၏ စနစ်တကျပူးပေါင်းပါဝင်ဆောင်ရွက်မှုများဖြင့် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည့် အတွေ့အကြုံနှင့်မှတ်တမ်းများရှိပါကြောင်း၊ ပြည်သူလူထုအတွက် ပိုမိုကောင်းမွန်သော ကျန်းမာရေးနှင့်လူနေမှုစနစ်များ ဖန်တီးတည်ဆောက်နိုင်ရန် အားလုံးတက်ညီလက်ညီ ဆက်လက်ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုအခြေအနေ၊ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နေမှု၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။    

သတင်းစဉ်