နေပြည်တော် ဇူလိုင် ၁၆
သုတေသနပရောဂျက်ပြပွဲ (၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ် (Myanmar Institute of Information Technology -MIIT)၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယကောင်စစ်ဝန်၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ပုဂ္ဂလိက IT လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် ဒုတိယဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးတို့က အဖွင့်အမှာစကားပြောကြားကြပြီး MIIT ပါမောက္ခချုပ်က သုတေသနပရောဂျက်ပြပွဲ (၂၀၂၄)ဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် တက်ရောက်လာကြသူများနှင့်အတူ စက်ရုပ်၊ ဉာဏ်ရည်တု နည်းပညာများ အပါအဝင် ခေတ်မီ IT Hardware နှင့် Software နည်းပညာများကို ကျောင်းသား ကျောင်းသူများက အဖွဲ့လိုက်ပေါင်းစပ်အသုံးချပြီး တီထွင်ဆန်းသစ်ထားသည့် သုတေသနပရောဂျက် ၃၄ ခုကို လှည့်လည်ကြည့်ရှုအားပေးကာ သုတေသနရလဒ်များကို ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး အမှန်တကယ် အကျိုးပြုနိုင်ရန်အတွက် ပရောဂျက်မှ လက်တွေ့နယ်ပယ်များ၌ အသုံးချနိုင်ရေး ဆက်လက်ဆောင်ရွက်ရန် မှာကြားသည်။
မွန်းလွဲပိုင်းတွင် ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ ဒုတိယဝန်ကြီးက နိုင်ငံ့အကျိုးပြုစွမ်းရည်မြင့် IT ပညာရှင်များ ပေါ်ထွန်းလာရေး ဝန်းကျင်ကောင်းများဖော်ဆောင်ကာ နိုင်ငံတကာနည်းပညာပြိုင်ပွဲများတွင် ဝင်ရောက်ယှည်ပြိုင်နိုင်ရေး မြေတောင်မြှောက်ပေးရန်၊ ယခုကဲ့သို့ အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်သည့် အလေ့အကျင့်ကောင်းများကို ထိန်းသိမ်းပြီး ဗလငါးတန်နှင့်ပြည့်စုံသော ပြည်သူ့အကျိုးပြု IT နည်းပညာရှင်ကောင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားပြီး ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရ အသင်းများကို သုတေသနထူးချွန်ဆုများ ဂုဏ်ပြုချီးမြှင့်ကြသည်။
အဆိုပါ MIIT တက္ကသိုလ်ကို အိန္ဒိယသမ္မတနိုင်ငံမှ နည်းပညာအထောက်အပံ့ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သုတေသနပရောဂျက်အခြေပြု လေ့လာမှုစနစ်ဖြင့်ပါ သင်ကြားသင်ယူမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ သည့်အပြင် ပရောဂျက်ပြိုင်ပွဲများကိုလည်း ပညာသင်နှစ်အလိုက် နှစ်စဉ်ကျင်းပလျက်ရှိသည်။ ပြိုင်ပွဲဝင် ပရောဂျက်များမှ ဆုများကို ရွေးချယ်ရာတွင် တီထွင်ဖန်တီးနိုင်မှု၊ နောက်ဆုံးပေါ် Tools များ အသုံးပြုနိုင်မှု၊ သီအိုရီထည့်သွင်း အသုံးချနိုင်မှု၊ လွယ်ကူပြီး ကျယ်ပြန့်စွာ အသုံးပြုနိုင်မှုစသည့် အချက်များပေါ် မူတည်ရွေးချယ်ကြောင်း သိရသည်။
သတင်းစဉ်