Skip to main content

အပြုသဘောမဆောင်လုပ်ရပ်များ အစဉ်တစိုက် ဆန့်ကျင်ကန့်ကွက်

ဂျီနီဗာမြို့တွင် ၂၀၂၄ ခုနှစ် ဇွန်လ ၁၈ ရက်နေ့မှ ဇူလိုင်လ ၁၂ ရက်နေ့အထိ ကျင်းပခဲ့သည့် လူ့အခွင့်အရေးကောင်စီ၏ (၅၆)ကြိမ်မြောက် အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံဆိုင်ရာ ဆွေးနွေးပွဲများကို သက်ဆိုင်ရာနိုင်ငံမပါဝင်ဘဲ ကျင်းပခဲ့ပြီး အစည်းအဝေးမှ မြန်မာနိုင်ငံအပေါ် တစ်ဖက်သတ်စွပ်စွဲ ဆုံးဖြတ်အတည်ပြုချက်များသည် အပြုသဘောမဆောင်သည့် ဘက်လိုက်ဆောင်ရွက်ချက်များဖြစ်၍ မြန်မာနိုင်ငံအနေဖြင့် အသိအမှတ်မပြု ကန့်ကွက်ရှုတ်ချခဲ့ပါသည်။

လူ့အခွင့်အရေးကောင်စီသည် အစည်းအဝေးကာလအတွင်း အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)က တင်သွင်းသည့် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အဆိုကို အတည်ပြုချမှတ်ခဲ့ရာတွင် လူ့အခွင့်အရေးကောင်စီ၏ အခြေခံမူများဖြစ်သည့် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများနှင့် ပူးပေါင်းဆောင်ရွက်မှု စသည်တို့နှင့် သွေဖည်လျက်ရှိသည်ကို တွေ့ရသည်။ လူ့အခွင့်အရေးကောင်စီ၏ မူလချမှတ်ထားသော ရည်ရွယ်ချက်များတွင် မျှတကောင်းမွန်သည့်အချက်များ ပြဋ္ဌာန်းထားသော်လည်း လက်တွေ့တွင် ကောင်စီကို အထောက်အပံ့အများဆုံးပေးနေသော နိုင်ငံအဖွဲ့အစည်းများ၏ နိုင်ငံရေးခံယူချက်အတိုင်း အကောင်အထည်ဖော်နေသည်ကို စိတ်ပျက်ဖွယ်တွေ့မြင်နိုင်သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံးက ပံ့ပိုးပေးရန်မေတ္တာရပ်ခံသည့် အချက်အလက်များအား မြန်မာနိုင်ငံအနေဖြင့် ထောက်ပံ့ပေးခဲ့သော်လည်း မဟာမင်းကြီး၏ အစီရင်ခံစာနှင့်တင်ပြချက်တွင် လက်နက်ကိုင်အဖွဲ့များနှင့် အကြမ်းဖက်သမားများ၏ ပြောကြားချက်များကိုသာ အလေးပေးဖော်ပြခဲ့သည်ကို တွေ့ရသည်။ တိုင်းရင်းသားအရေးနှင့် ဘာသာရေးဆိုင်ရာ တင်းမာမှုကိုဖြစ်စေသော AA အကြမ်းဖက်အဖွဲ့၏ ဒေသခံပြည်သူများအပေါ် ကြီးလေးသောကျူးလွန်မှုများနှင့် ပတ်သက်၍ အစီရင်ခံစာတွင် လျှော့ပေါ့ဖော်ပြထားသည်။ အစီရင်ခံစာသည် နိုင်ငံတော်အစိုးရအပေါ် ဆန့်ကျင်ပြီး အဖျက်လုပ်ရပ်များကို လုပ်ကိုင်နေသည့် အခြားလက်နက်ကိုင်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကို လျှော့ပေါ့ဖော်ပြထားသည်။

OIC က မကြာသေးမီက တင်သွင်းခဲ့သည့် ဆုံးဖြတ်ချက်အဆိုအပါအဝင် ယခင်ကပြုလုပ်ခဲ့သည့် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးများ၌ ချမှတ်ဆုံးဖြတ်ခဲ့သည့် အဆိုအသီးသီးသည် ၂၀၁၇ ခုနှစ်ကာလက ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သည့် စိတ်မချမ်းမြေ့ဖွယ်ဖြစ်ရပ်များ၏ အဓိကအကြောင်းရင်းနှင့် လက်သည်ကိုဖော်ပြရန် ပျက်ကွက်ပြီး မသိကျိုးကျွန်ပြုထားသည်။ ယခုလည်း မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အကြမ်းဖက်လုပ်ရပ်များ သမာသမတ်ကျစွာ မှန်မှန်ကန်ကန်လေ့လာသုံးသပ်ခြင်းမရှိဘဲ တစ်ဖက်သတ်စွပ်စွဲ ပြောကြားချက်များသည် ပြဿနာတစ်ခုအား စိတ်ရင်းမှန်ကန်စွာဖြင့် ဖြေရှင်းရန် ရည်ရွယ်ချက်ကင်းမဲ့နေသည်။

အပြန်အလှန်ဆွေးနွေးပွဲများတွင် အထူးအစီရင်ခံစာတင်သွင်းသူသည် အဖျက်အမှောင့် သတင်းမီဒီယာများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ သောင်းကျန်းသူများနှင့် အကြမ်းဖက်အဖွဲ့ NUG နှင့် လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများ၏ အချက်အလက်များနှင့် ပုံဖော်ပြောဆိုဝါဒဖြန့်မှုများကို သံယောင်လိုက်၍ ပြောဆိုထားသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ် ဇွန်လအထိ အဆိုပါ အကြမ်းဖက်သောင်းကျန်းသူများ၏ လက်ချက်ကြောင့် သေဆုံးခဲ့ရသည့် အပြစ်မဲ့ပြည်သူ၊ ရဟန်းရှင်လူ ၇၈၀၀ ကျော်တို့၏ ကြေကွဲဝမ်းနည်းဖွယ်ရာဘဝများကို မျက်ကွယ်ပြုထားသည်။ အစီရင်ခံစာတင်သွင်းသူက မြန်မာနိုင်ငံရှိ တရားဝင်ဘဏ်လုပ်ငန်းများသည် စစ်ရေးလှုပ်ရှားမှုများကို ထောက်ပံ့နေသယောင် လွဲမှားစွာဖော်ပြထားပြီး မြန်မာနိုင်ငံအပေါ် တစ်ဖက်သတ်အရေးယူပိတ်ဆို့ရန် တောင်းဆိုထားရာ မြန်မာပြည်သူများ၏ လူမှုစီးပွားဘဝကို ပြင်းထန်စွာ သက်ရောက်မှုဖြစ်စေနိုင်သည်။

အထူးအစီရင်ခံစာတင်သွင်းသူသည် တရားမဝင်အဖွဲ့အစည်းများ၏ အကြမ်းဖက်လုပ်ရပ်များနှင့် ရက်စက်ကြမ်းကြုတ်သောလုပ်ရပ်များကို ရှုတ်ချရမည့်အစား အကြမ်းဖက်အဖွဲ့အစည်းများနှင့် ထိတွေ့ဆောင်ရွက်ရန် နိုင်ငံတကာကို နှိုးဆော်တိုက်တွန်းလျက်ရှိသည်။ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ၏ အစီရင်ခံတင်ပြချက်များသည် မြန်မာနိုင်ငံကို နိုင်ငံတကာအသိုက်အဝန်းမှ ဖယ်ကြဉ်ရန် သိသာထင်ရှားစွာ ဦးတည်ထားသည်။ အစိုးရသည် ၂၀၂၅ ခုနှစ်တွင် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပရန် ကြိုတင်ပြင်ဆင်လျက်ရှိသည်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် သာယာဝပြောရေးအတွက် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ ကုလသမဂ္ဂအဖွဲ့အစည်းများ၏ မေတ္တာရပ်ခံချက်များကို အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် တည်ငြိမ်အေးချမ်းရေး၊ သာယာဝပြောရေး၊ ဒီမိုကရေစီထွန်းကားရေး၊ လူမှုစီးပွားဘဝ မြင့်မားတိုးတက်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိနေချိန်တွင် မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်ချက်များပျက်ပြားစေရန်နှင့် နိုင်ငံတကာမှ အထင်အမြင်လွဲမှားအောင် နိုင်ငံတစ်နိုင်ငံတည်းအပေါ် ဦးတည်သည့် လုပ်ပိုင်ခွင့်များနှင့် ဆုံးဖြတ်ချက်အဆိုများ၊ အပြုသဘော မဆောင်သည့်လုပ်ရပ်များကို မြန်မာနိုင်ငံအနေဖြင့် အစဉ်တစိုက် ကန့်ကွက်ရှုတ်ချ သွားမည်ဖြစ်ပါကြောင်း။ ။