ဘားအံ ဇူလိုင် ၁၆
ကရင်ပြည်နယ် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ဆုရရှိကြသည့် ကျောင်းသားကျောင်းသူများအားဂုဏ်ပြုဆုချီးမြှင့်သည့်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်း ရွှေရတုခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ရွှေ့လျားစာကြည့်တိုက် မော်တော် ယာဉ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပြသခြင်း၊ ကရင်တိုင်းရင်းသား စာပေဉာဏ်စမ်းပဟေဋ္ဌိပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ ရုပ်ပုံဆက်ပြိုင်ပွဲ၊ ဘားအံတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်တို့မှ စာဖတ်ရှိန်မြှင့်တင်ရေးအထောက်အကူပြုပြခန်းများ၊ လှပသာယာပြည်မြန်မာဓာတ်ပုံပြပွဲများ၊ ဉာဏ်စမ်းပဟေဋ္ဌိပြိုင်ပွဲ (Khoot Quiz)၊ အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲ၊ ပုဂ္ဂလိကစာအုပ် အရောင်းဆိုင်များနှင့် ချိတ်ဆက်၍စာအုပ်ဈေးရောင်းပွဲများ၊ အထက်တန်းအဆင့်ကျပန်းစကားပြောပြိုင်ပွဲ၊ အလယ်တန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲ၊ မူလတန်းအဆင့်ကဗျာရွတ်ပြိုင်ပွဲ၊ လူငယ်စာဖတ်ဝိုင်းနှင့် စာပေဟောပြောပွဲတို့ကိုထည့်သွင်းကျင်းပခဲ့ရာ ကျောင်းသား၊ကျောင်းသူများ စိတ်ပါဝင်စားစွာ ဖြင့် အေးချမ်းပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြသည်။
ဆုချီးမြှင့်ပွဲတွင် ဘားအံပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား၊ ကျောင်းသူများက အမျိုးသားစာပေယဉ်ကျေးမှုအမွေသီချင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက ဘက်စုံပညာကို ရည်တို့လှမ်းချီ သီချင်း၊ ယူရီကိုယ်ပိုင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ရှမ်းအကတို့ဖြင့် သီဆိုကပြ ဖျော်ဖြေတင်ဆက်ကြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက စာစီစာကုံးပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင် ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဋ္ဌိပြိုင်ပွဲ (Khoot Quiz Game) တို့တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအား ဂုဏ်ပြုဆုများနှင့် စာပေဟောပြောပွဲတွင် ဟောပြောပေးကြသည့် စာရေးဆရာ/ ဆရာမများ၊ အမှတ်ပေးအကဲဖြတ်ဒိုင်များအား အမှတ်တရ လက်ဆောင်များ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲတို့တွင် ပထမဆု ရရှိခဲ့သူများက ပြန်လည်ဖျော်ဖြေတင်ဆက်ကြပြီး ဘားအံမြို့နယ်စာရေးဆရာအသင်းက ကိုယ်ပိုင်သီချင်း၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက အောင်မြင်ပါစေ မြန်မာပြည်သီချင်းတို့ဖြင့် ကပြဖျော်ဖြေ တင်ဆက်ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆုရရှိကြသူများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ ကရင်ပြည်နယ်ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသော ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)