Skip to main content

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှု ရန်ကုန်မြို့တော်ဝန် ကွင်းဆင်းစစ်ဆေး

ရန်ကုန် ဇူလိုင် ၁၅

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ဦးညီညီ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ဒေါပုံမြို့နယ်၊ သာကေတမြို့နယ်နှင့် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဦးစွာ မြို့တော်ဝန်နှင့်အဖွဲ့သည် ဒေါပုံမြို့နယ် သဲကွင်းစုရပ်ကွက်သို့ရောက်ရှိပြီး ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရပ်ကွက်အတွင်း၌ အများသုံးသန့်စင်ခန်း ငါးခန်းတွဲနှစ်လုံး တည်ဆောက်ထားရှိမှု၊ သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် ရေဂါလန် ၁၆၀၀ ဆံ့ ရေသယ်ယာဉ်ဖြင့် ရေများပေးဝေနေမှုကို ကြည့်ရှုကာရေစည်ရေကန်များ ကလိုရင်းဆေးများခတ်ထားရန်နှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ဆောင်ရန်/ရှောင်ရန်များကို လိုက်နာဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် သာကေတမြို့နယ်နှင့် ဒေါပုံမြို့နယ်တို့ကို ရေပေးဝေနေသည့် ဧရာဝဏ်ရေပေးဝေရေး စခန်း(၁)သို့ လည်းကောင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုရှိသည့် အနော်မာရပ်ကွက်သို့လည်းကောင်း သွားရောက်၍ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ရပ်ကွက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေနှင့် ရေအရည်အသွေး အပြည့်အဝရရှိရေး၊ ယင်နားစာများရောင်းချခြင်း၊ စားသုံးခြင်းမပြုရန်နှင့် ရေသယ်ယာဉ်များဖြင့် ရပ်ကွက်အတွင်း ရေဖြန့်ဖြူးပေးရန်ကိစ္စရပ်များကို ဆွေးနွေးမှာကြား၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့ပြင် မြို့တော်ဝန်နှင့်အဖွဲ့သည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ လှိုင်သာယာမြို့နယ် ဆေးရုံအုပ်ကြီး၊ မြို့နယ်ကျန်းမာရေးဦးစီးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်နေပြည်သူများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်းများကို ဌာနများအချင်းချင်း ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန်၊ အများသုံးသန့်စင်ခန်းများ၌ အသုံးပြုသည့်ရေများ၊ ဆပ်ပြာများကို သန့်ရှင်းမှုရှိစေရေးဆောင်ရွက်ရန်၊ ဈေးများ၌ သန့်ရှင်းသော အစားအသောက်များရောင်းချရန်၊ တစ်ကိုယ်‌ရေသန့်ရှင်းမှုကို အလေးထားဆောင်ရွက်ရေး အသိပေးဗီနိုင်းများ ချိတ်ဆွဲရန်၊ ကျန်းမာရေး ကောင်းမွန်မှုမရှိပါက သက်ဆိုင်ရာသို့ အကြောင်းကြားရန်နှင့် ဆေးကုသမှုခံယူနိုင်ရေး ဆောင်ရွက်ထားရှိရန် ကိစ္စရပ်များကို ဆွေးနွေးမှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်