Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း နေပြည်တော်ကောင်စီနယ်မြေအတွင်း လျှပ်စစ်ကဏ္ဍဆိုင်ရာလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇူလိုင် ၁၃

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၏ လုပ်ငန်းဆောင်ရွက်မှုနှင့် ၃၃/၁၁ ကေဗွီ ဓာတ်အားခွဲရုံများ၏ဓာတ်အား ဖြန့်ဖြူးမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက ဒက္ခိဏသီရိမြို့နယ်နှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများ၏ ဓာတ်အားသုံးစွဲမှုနှင့် ဓာတ်အားဖြန့်ဖြူးပေးနေမှု၊ မီတာဘေလ်ငွေကောက်ခံနေမှု၊ မီးသုံးစွဲသူ ပြည်သူများအပေါ် ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်ပေးနေမှုနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေး ဆောင်ရွက်ထားမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြည်သူလူထုထံသို့ ဓာတ်အားဖြန့်ဖြူးပေးပို့ရာတွင် ဗို့အားပြည့်ဝ တည်ငြိမ်ပြီး အရည်အသွေးပြည့်ဝသည့် လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးပို့နိုင်ရေး၊ ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန်စေရေး၊ ဓာတ်အားစဉ်ဆက်မပြတ်ဖြန့်ဖြူးပေးနိုင်ရေးနှင့်ဓာတ်အား ပျောက်ဆုံးမှုလျော့နည်းကျဆင်းစေရေးတို့အတွက် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံသုံး ဆက်စပ်ပစ္စည်းများကို စနစ်တကျစစ်ဆေးဆောင်ရွက်သွားရန်လို အပ်ကြောင်း၊ မိမိတို့လုပ်ငန်းသည် ပြည်သူကို ဝန်ဆောင်မှုပေးရသည့် လုပ်ငန်းများဖြစ်သည့်အတွက် ပြည်သူကို အကောင်းဆုံးဝန်ဆောင်မှုပေးရန်နှင့် နိုင်ငံတော်၏ဘဏ္ဍာငွေကို အလေအလွင့်ဆုံးရှုံးမှုမရှိစေရေး ဂရုစိုက်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံသုံးပစ္စည်းများနှင့် ရုံးလုပ်ငန်းသုံးပစ္စည်းများကို စနစ်တကျထိန်းသိမ်းထားရှိရန်နှင့် ဆက်လက်သုံးစွဲရန် မသင့်တော့သည့် ပစ္စည်းများကိုလည်း သတ်မှတ်လုပ်ထုံးလုပ်နည်းနှင့်အညီ စာရင်းမှပယ်ဖျက်၍ ဝင်ငွေပြန်လည်ရရှိရေး ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ မိမိတို့ဝန်ထမ်းအိမ်ရာများ၊ ဓာတ်အားခွဲရုံများနှင့် ရုံးပတ်ဝန်းကျင်ကို သန့်ရှင်းသာယာလှပရေး၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်သွားရန်နှင့် သီးပင်စားပင်၊ နှစ်ရှည်ပင်နှင့် အရိပ်ရလေကာပင်များ စိုက်ပျိုးသွားရန်မှာကြားပြီး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးအတွင်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ၃၃/၁၁ ကေဗွီဓာတ်အားခွဲရုံများသို့ သွားရောက်ပြီး မြို့တွင်းနှင့်အနီးပတ်ဝန်းကျင် ကျေးရွာများသို့ ဓာတ်အားဖြန့်ဖြူးပေးထားမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်