နေပြည်တော် ဇူလိုင် ၁၁
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနရှိ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာသုတေသနဌာန၌ Digital Talent & Career Fair/ Scholarship Program (India) အစီအစဉ်ဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ပါရမီလမ်းရှိ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာသုတေသနဌာန၌ ကျင်းပသည်။
အခမ်းအနားတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌနှင့် MDEA ဥက္ကဋ္ဌတို့က အမှာစကား ပြောကြားကြသည်။
အဆိုပါအစီအစဉ်သည် သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ သုတေသနဌာနနှင့် မြန်မာနိုင်ငံဒစ်ဂျစ်တယ် စီးပွား ရေးလုပ်ငန်းရှင်များအသင်း (Myanmar Digital Economy Association- MDEA) တို့ ပူးပေါင်း ဆောင်ရွက်သည့် ပထမဆုံးသော University- Research-Industry (URI) Model ဖြစ်ပြီး ကွန်ပျူတာတက္ကသိုလ်များမှ နောက်ဆုံးနှစ် ကျောင်းသားများအကြား ဒစ်ဂျစ်တယ်စွမ်းရည်များကို မြှင့်တင်သည့် သုံးလကြာ Internship Program ဖြစ်သည်။ ယင်းတွင် နိုင်ငံ၏ ဒေသအသီးသီးမှ ကျောင်းသား ၈၃ ဦးကို ငွေကြေးကူညီထောက်ပံ့ခြင်းနှင့် ထူးချွန်ကျောင်းသား ၁၀ ဦးကို သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာသုတေသနဌာန၌ ဖွင့်လှစ်သော အိန္ဒိယနိုင်ငံအသိအမှတ်ပြု Professional Diploma in Java Programming Course တက်ရောက်ရန် ပညာသင်ဆုချီးမြှင့်ခြင်းတို့ ပါရှိ သည်။
ယင်းအလုပ်သင်ကာလ သုံးလအတွင်း၌ ကျောင်းသားများ၏ စိတ်ပါဝင်စားမှု၊ ကျောင်းသားများအတွက် အရည်အသွေးဖြည့်ဆည်းရန် လိုအပ်မှု တို့အလိုက် ဆော့ဖ်ဝဲဖွံ့ဖြိုးတိုးတက်မှု (Software Development)၊ ကွန်ရက်ချိတ်ဆက်မှုဖွံ့ဖြိုးတိုးတက်ရေး (Networking Development) နှင့် ဉာဏ်ရည်တု AI (Artificial Intelligence) အယူအဆများဖြင့် IoT တွင် အသုံးချခြင်းဆိုင်ရာ လက်ဆင့်ကမ်းအတွေ့အကြုံများကို မျှဝေပေးမည်ဖြစ်သည်။
အခမ်းအနားတွင် အလုပ်သင်ကျောင်းသားများအတွက် အလုပ်အကိုင်အခွင့် အလမ်းပေးသည့်ကုမ္ပဏီ ၁၀ ခုမှ ပြခန်းများပါရှိပြီး အလုပ်အကိုင်အခွင့်အလမ်းအတွက် အင်တာဗျူးများနှင့် Professional Diploma in Java Programming Course (India) အတွက် ပညာသင်ဆုအခွင့်အလမ်းများ စီစဉ်ထားရှိသည်။ အလုပ်သင်ပရိုဂရမ်သည် ပထမဆုံးအကြိမ် စတင်အကောင်အထည်ဖော်ခြင်းဖြစ်ပြီး စဉ်ဆက်မပြတ် စီစဉ်အကောင်အထည်ဖော်မည်ဖြစ်ကာ မြန်မာ့ဒစ်ဂျစ်တယ်စီးပွားရေး (Digital Economy) ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်