Skip to main content

ရေးမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အမျိုးသား ၁ ဦးကို သတ်ဖြတ်ပြီး ၂ ဦးကို ဖမ်းဆီးထားသည်ဟု အထင်အမြင်လွဲမှားစေသည့် သတင်းတု၊ သတင်းအမှားများ ရေးသားဖြန့်ဝေ

နေပြည်တော် ဇူလိုင် ၁၁

မွန်ပြည်နယ်၊ ရေးမြို့တွင် ဇူလိုင်လ ၈ ရက်နေ့က ခြံထဲမှ ကွမ်းသီးခူးပြီး ပြန်လာသည့် အမျိုးသား ၁ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက သတ်ဖြတ်ခဲ့ကြောင်းနှင့် ကွမ်းသီးလိုက်လံဝယ်ယူသည့် အမျိုးသား ၂ ဦးကိုလည်း လူသားဒိုင်းသဖွယ် ဖမ်းဆီးထားကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဖြစ်စဉ်အမှန်မှာ နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇူလိုင်လ ၇ ရက်နေ့တွင် ရေးမြို့၊ ရွာသစ်ကျေးရွာနှင့် တောင်စွန်းကျေးရွာသို့ သွားရောက်သည့် လမ်းဆုံအနီး ရောက်ရှိစဉ် ပွိုင့်-၁၉၃ တောင်ကုန်းပေါ်မှ အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ထိရောက်သော လက်နက်ကြီးပစ်ခတ်မှုများကြောင့် အကြမ်းဖက်သမားများ ထိခိုက်သေဆုံးမှုများဖြင့် အရှေ့ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း၊ ထို့နောက် တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာမှ အကြမ်းဖက်သမား အလောင်း (၁) လောင်းနှင့်အတူ အမ်-၁၆ ကျည်အိမ် (၁) ခု၊ ၎င်းကျည် ၅ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ပါသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အရပ်သားပြည်သူများကို သတ်ဖြတ်ခြင်းနှင့် ဖမ်းဆီးထားခြင်းမရှိကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများသည် နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် သတင်းတု၊ သတင်းအမှားများကို ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသားပြီး လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် လှုံ့ဆော်ရေးသားဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။