Skip to main content

အရည်အသွေးကိုက်ညီမှုစစ်ဆေးရေးအဖွဲ့ မှတ်ပုံတင်ခြင်းနှင့် ထောက်ခံချက်ပြုခြင်း လုပ်ငန်းစဉ်များဆိုင်ရာအစည်းအဝေး ကျင်းပ

နေပြည်တော် ဇူလိုင် ၁၀

အမျိုးသားအဆင့်အရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် အရည်အသွေးကိုက်ညီမှုစစ်ဆေးခြင်းကဏ္ဍရှိ အစိုးရ၊ ပုဂ္ဂလိက အရည်အသွေး ကိုက်ညီမှုစစ်ဆေးရေးအဖွဲ့များဖြစ်သည့် အရည်အသွေးထောက်ခံချက်ထုတ်ပေးရေးအဖွဲ့များ (Certification Bodies)၊ စမ်းသပ်ဓာတ်ခွဲခန်းများ၊ စံဖြင့် တိုက်ကြည့်စစ်ဆေးခြင်း ဓာတ်ခွဲခန်းများ (Calibration Laboratories)၊ အရည်အသွေး စုံစမ်းစစ်ဆေးရေးအဖွဲ့များ (Inspection Bodies)မှ သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်နိုင်ရန်နှင့် အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာအဖွဲ့အစည်းများ၏ အပြန်အလှန် အသိအမှတ်ပြုအစီအစဉ်များတွင် လိုက်ပါဆောင်ရွက်နိုင်ရေးအတွက် အရည်အသွေးကိုက်ညီမှုစစ်ဆေးရေးအဖွဲ့ မှတ်ပုံတင်ခြင်းနှင့် ထောက်ခံချက်ပြုခြင်းလုပ်ငန်းစဉ်များဆိုင်ရာ အစည်းအဝေး (Meeting on Registration and Designation Procedures for Conformity Assessment Bodies-CABs) ကို ယနေ့နံနက်ပိုင်းတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ဆက်စပ်ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမျိုးသားစံချိန်စံညွှန်းကောင်စီ အဖွဲ့ဝင်များ၊ စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီအဖွဲ့ဝင်များ၊ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ အရည်အသွေးထောက်ခံချက်ထုတ်ပေးသော အစိုးရ-ပုဂ္ဂလိကအဖွဲ့အစည်းများ၊ မြန်မာအစားအသောက် ဓာတ်ခွဲခန်းများ ကွန်ရက်အဖွဲ့ဝင် ဓာတ်ခွဲခန်းကိုယ်စားလှယ်များ၊ အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍများရှိ အရည်အသွေး ထောက်ခံချက်ပေးရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က အဖွင့်အမှာစကားပြောကြားပြီး အရည်အသွေးကိုက်ညီမှု စစ်ဆေးရေးအဖွဲ့များ မှတ်ပုံတင်ခြင်း (Registration)၊ ထောက်ခံချက်ပြုခြင်း (Designation) လုပ်ငန်းစဉ်များနှင့် မှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာ(မူကြမ်း)တို့ကို ချမှတ်ဆောင်ရွက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဆွေးနွေးကြမည်ဖြစ်ကြောင်းနှင့် အရည်အသွေးကိုက်ညီမှု စစ်ဆေးရေးအဖွဲ့များအား နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံများဖြင့် အပြန်အလှန်အသိအမှတ်ပြုခြင်းများ (Mutual Recognized Arrangement) ရရှိရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

သတင်းစဉ်