နေပြည်တော် ဇူလိုင် ၁၀
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးသည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် ရခိုင်ပြည်နယ်စစ်တွေမြို့အခြေစိုက် အိန္ဒိယသမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် မစ္စတာဘီဘေကာနန္ဒာ ဘတ္တာမစ်ရှရာကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက အိန္ဒိယကောင်စစ်ဝန်ချုပ်အနေဖြင့် စစ်တွေမြို့တွင် အခြေစိုက်၍ တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများအတွက် ဂုဏ်ယူပါကြောင်းပြောကြားပြီး နှစ်နိုင်ငံအကြား သမိုင်းကြောင်းစဉ်လာ ရှိသည့်ဆက်ဆံရေးပိုမိုတိုးတက်ခိုင်မာရေး၊ နှစ်နိုင်ငံအကြား ဆောင်ရွက်လျက်ရှိသည့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းနှင့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းများကို ဆက်လက်ပူးပေါင်းအကောင်အထည်ဖော်သွားရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်