Skip to main content

ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း ရန်ကုန်တိုင်းဒေသကြီးတွင် လတ်တလော ဖြစ်ပွားလျက်ရှိသော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဦးစီးဆောင်ရွက်

ရန်ကုန် ဇူလိုင် ၉

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး သင်ကြားရေးစင်တာရှိ အစည်းအဝေးခန်းမ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံများမှ ဆေးရုံအုပ်ကြီးများ၊ ဆေးတက္ကသိုလ်(၁) ရန်ကုန်၏ ကုသရေးဆိုင်ရာဌာနများမှ ပါမောက္ခ/ဌာနမှူးများ၊ ပါမောက္ခများ၊ ခရိုင်/ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ ပုဂ္ဂလိကဆေးရုံများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

သတင်းပေးပို့ရန်အရေးကြီးမှုကိစ္စရပ်များ

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက လတ်တလောဖြစ်ပွားနေသော ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါလူနာများ ပုဂ္ဂလိကဆေးရုံများအပါအဝင် ဆေးရုံအားလုံး၌ ဆေးရုံတင်ကုသရာတွင် ပြင်ဆင်ဆောင်ရွက်ရမည့်အချက်များ၊ လူနာများနှင့် လူနာရှင်များ လိုက်နာရမည့် စည်းကမ်းများ၊ ဆေးရုံများ၏ ရောဂါပိုးကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ သတိထားဆောင်ရွက်ရန်နှင့် ဆေးရုံတက်လူနာများ၏ အချက်အလက်များကို ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံသို့ သတင်းပေးပို့ရန် အရေးကြီးမှုကိစ္စရပ်များ ကို ဆွေးနွေးမှာကြားသည်။

ထို့နောက် မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံအသင်းဥက္ကဋ္ဌနှင့် တက်ရောက်လာသူများက ရောဂါကာကွယ်ရေးနှင့်ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကိုဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားပြီး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ရောဂါပိုးပျံ့နှံ့မှုတားဆီးရေး

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးတို့သည် အဆိုပါအစည်းအဝေးခန်းမ၌ ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ဆန်းစစ်သုံးသပ်ဆွေးနွေးသည့် အစည်းအဝေးပွဲသို့တက်ရောက်ပြီး မြို့နယ်တစ်ခုချင်းစီအလိုက် ဖြန့်ဝေပေးထားသော ရေသန့်ဆေးပြားများ၊ Bleaching powder စသည့် ပစ္စည်းများကို ပြည်သူများထံ သေချာစွာရောက်ရှိစေရေး၊ ထိတွေ့သူများကို Contact Treatment ဆောင်ရွက်ရေး၊ ရောဂါပိုးပျံ့နှံ့မှု တားဆီးရေးစသည့် လုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်ရန်မှာကြားကာ မြို့နယ်များ၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြသည်။

အဆိုပါ အစည်းအဝေးသို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်/ ဆေးရုံအုပ်ကြီး၊ အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်း နည်းပညာအကြံပေးအဖွဲ့ဝင် ဒေါက်တာ စိုးလွင်ငြိမ်း (ညွှန်ကြားရေးမှူးချုပ်၊ ငြိမ်း)၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ တက်ရောက်ကြသည်။

ရေသန့်စင်သည့်နည်းစနစ်များသင်ကြားပြသ

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအားလုံးတွင် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့အစည်းများနှင့်အတူပူးပေါင်း၍ ကလိုရင်းဆေးခတ်ခြင်း၊ ရေသန့်ဆေးပြားများ ဖြန့်ဝေခြင်း၊ ကျန်းမာရေးအသိပညာပေး ပိုစတာများကပ်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပတ်ဝန်းကျင်/ လုပ်ငန်းခွင်ကျန်းမာရေးဌာနခွဲမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများကလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအားလုံးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးမှူးရုံးအဖွဲ့၊ ကြက်ခြေနီအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့နှင့် အခြေခံကျန်းမာရေးဝန်ထမ်းများအား ရေသန့်စင်သည့် နည်းစနစ်များကို စာတွေ့လက်တွေ့ သင်ကြားပြသခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်