နေပြည်တော် ဇူလိုင် ၉
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ စိမ်းလန်းသောဖွံ့ဖြိုးတိုးတက်မှုဖိုရမ်သို့ တက်ရောက်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲတွင် ချင်းတောင်လေဆိပ်မှ လေကြောင်းခရီးဖြင့် ကူမင်းမြို့သို့ထွက်ခွာရာ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေ၊ စစ်သံမှူး ဗိုလ်မှူးချုပ် ဇော်ဇော်နိုင်၊ ချင်းတောင်မြူနီစီပယ်ဒေသ တရုတ်ကွန်မြူနစ်ပါတီ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် မစ္စလင်ပင်းနှင့် တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
ကြိုဆိုနှုတ်ဆက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဒေသစံတော်ချိန် ည ၈ နာရီ ၁၅ မိနစ်တွင် ကူမင်းမြို့သို့ ရောက်ရှိကြရာ ယူနန်ပြည်နယ် ပြည်သူ့အစိုးရနိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စတာကျန်းရှစ်ကျင်း (Mr.Zhang Shijin)၊ ကူမင်းကောင်စစ်ဝန်ချုပ် ဦးသွင်ထက်လင်းနှင့် တာဝန်ရှိသူများက ကူမင်းလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
နေပြည်တော်သို့ ပြန်လည်ရောက်ရှိ
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လေကြောင်းခရီးဖြင့် ကူမင်းမြို့မှ ဆက်လက်ထွက်ခွာရာ ညပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးနှင့် စစ်သံရုံးတို့မှ တာဝန်ရှိသူများက နေပြည်တော်လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အတူ ခရီးစဉ်တွင် လိုက်ပါသွားကြသည့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌရုံးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများလည်း ပြန်လည်လိုက်ပါလာခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်