Skip to main content

မစ္စတာ နာစီရာဒင်ဟေဒါရီအား မြန်မာနိုင်ငံဆိုင်ရာ အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် အဆိုပြုချက်ကို သဘောတူ

နေပြည်တော် ဇူလိုင် ၁၀

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသည် မစ္စတာနာစီရာဒင်ဟေဒါရီအား ဗန်ကောက်မြို့အခြေစိုက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံအစိုးရ၏ အဆိုပြုချက်ကို သဘောတူသည်။

မစ္စတာ နာစီရာဒင်ဟေဒါရီအား ၁၉၆၃ ခုနှစ်၊ မတ်လ ၂၆ ရက် တွင် မွေးဖွားခဲ့ပြီး ၁၉၉၃ ခုနှစ်တွင် အီရန်နိုင်ငံ၊ တီဟီရန်မြို့ရှိ အလာမဲတဘားတဘိုင်းတက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေး ဘာသာရပ်ဖြင့် ပါရဂူဘွဲ့ကိုရရှိခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဝင်ရောက်ခဲ့ပြီး ကုလသမဂ္ဂရေးရာဌာန၊ လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေးကျွမ်းကျင်သူ သံအရာရှိအဖြစ်လည်းကောင်း၊ ၁၉၉၄ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ နယ်သာလန်နိုင်ငံသည် ဟိတ်မြို့ရှိ အီရန်သံရုံးတွင် ဒုတိယအတွင်းဝန်အဖြစ်လည်းကောင်း၊ ၁၉၉၈ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန လက်နက်ဖျက်သိမ်းရေးနှင့် မပြန့်ပွားရေးဌာနတွင် ပထမအတွင်းဝန်နှင့် လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေး အကြီးတန်းကျွမ်းကျင်သူအဖြစ်လည်းကောင်း၊ ၂၀၀၂ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ အီရန်သံရုံးတွင် ဒုတိယသံမှူးအဖြစ်လည်းကောင်း၊ ၂၀၀၆ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ဓာတုပစ္စည်းများလုံခြုံရေး ကွန်ဗင်းရှင်းနှင့် ဓာတုလက်နက်များ ကွန်ဗင်းရှင်းအမျိုးသားအာဏာပိုင်အဖွဲ့၏ ဒုတိယအတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂဆိုင်ရာ အီရန် အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးတွင် သံအမတ်အဖြစ်လည်းကောင်း၊ ၂၀၁၈ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ လက်နက်ထိန်းချုပ်ရေးနှင့် အာကာသရေးရာဌာနတွင် ညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း၊ ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ နိုင်ငံတကာသတင်းလုံခြုံရေး (ဆိုက်ဘာလုံခြုံရေး)ဆိုင်ရာ နှစ်နိုင်ငံ၊ ဒေသတွင်းနှင့် နိုင်ငံတကာဆက်ဆံရေးကိစ္စရပ်များတွင် ညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း တာဝန်ဝတ္တရားများကို ထမ်းဆောင်ခဲ့သည်။ ၂၀၂၄ ခုနှစ် မတ်လမှစ၍ ထိုင်းနိုင်ငံဆိုင်ရာ အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

မစ္စတာ နာစီရာဒင်ဟေဒါရီ သည် အိမ်ထောင်ရှင်တစ်ဦးဖြစ်ပြီး သားသမီးနှစ်ဦး ထွန်းကားသည်။

သတင်းစဉ်