Skip to main content

ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း ရန်ကုန်တိုင်းဒေသကြီး၌ လတ်တလောဖြစ်ပွားလျက်ရှိသော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ကွင်းဆင်းကြပ်မတ်ဆောင်ရွက်

ရန်ကုန် ဇူလိုင် ၈

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းသည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်/ဆေးရုံအုပ်ကြီး၊ ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် သာကေတမြို့နယ် ၁ (ထူပါရုံ) ရပ်ကွက်ရှိ စံပြဥယျာဉ်ဈေးသို့ရောက်ရှိပြီး ဈေးအတွင်းအသားငါးများ ရောင်းချရာနေရာများ၊ အခြားဈေးဆိုင်များနှင့် ဈေးအတွင်းသို့ရေပေးဝေသည့် ရေသိုလှောင်ကန်တို့ကို လှည့်လည်ကြည့်ရှုကာ သန့်ရှင်းမှုအခြေအနေ၊ ယင်မနားအောင် ဆောင်ရွက်ရောင်းချနေမှု ရှိ/မရှိနှင့် ရေသိုလှောင် ဖြန့်ဖြူးမှုစနစ်များကို ကြည့်ရှုစစ်ဆေးသည်။

ထို့ပြင် ရေသိုလှောင်ကန်အား ကလိုရင်းဆေးခတ်ခြင်း၊ လက်ဆေးဆပ်ပြာရည်နှင့် ဆပ်ပြာခဲများ ဖြန့်ဝေခြင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးပညာပေးပိုစတာ များကပ်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့သည်။

ကြည့်ရှုစစ်ဆေး

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သာကေတမြို့နယ်ရှိ အမှတ် (၂) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (သာကေတ) သို့ရောက်ရှိပြီး ကျောင်းအတွင်း သောက်ရေသန့် ဖြန့်ဖြူးသည့်စနစ်နှင့် ကျောင်းအိမ်သာများ သန့်ရှင်းမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဓာတ်ဆားထုပ်များ၊ လက်ဆေးဆပ်ပြာရည်နှင့် ဆပ်ပြာခဲများကို ကျောင်းအုပ် ဆရာကြီးထံပေးအပ်သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံအုပ်ကြီးများ၊ ခရိုင်/မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများနှင့်တွေ့ဆုံပြီး လတ်တလောဖြစ်ပွားနေသော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်ပတ်သက်၍ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို လျင်မြန်ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများ၏ ဆောင်ရွက်ခဲ့မှုများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကူညီပံ့ပိုးပေးမှုများကြောင့် အချို့မြို့နယ်များတွင် လူနာသစ်များ လျော့ကျသွားသည်ကို တွေ့ရှိရကြောင်း၊ ထပ်မံမကူးစက်စေရန် သတိထားဆောင်ရွက်ရမည့် လုပ်ငန်းများအနေဖြင့် သန့်ရှင်းလတ်ဆတ်သော အစားအသောက်များသာ စားသုံးရန်၊ ရေကိုကျိုချက်သောက်ရန်၊ အစာမစားမီနှင့် အိမ်သာမှထွက်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့်ဆေးရန်၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုပြုဆောင်ရွက်ရန် အစရှိသော ကာကွယ်ရေး လုပ်ငန်းများ၊ ကူးစက်ခံရသော လူနာများကို ရှာဖွေခြင်း၊ ကုသခြင်း၊ လွှဲပြောင်းခြင်း စသည့် ကုသရေးလုပ်ငန်းများ၊ ရောဂါနောက်ဆက်တွဲပြဿနာများကို ဖြေရှင်းရမည့် နည်းလမ်းများနှင့် အခြားသူများသို့ ထပ်မံကူးစက်မခံရစေရန် သတိထားဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ခရိုင်/မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများအနေဖြင့် ကျန်းမာရေးအသိပညာပေးခြင်း၊ လူနာများကို စောစီးစွာ သိရှိကုသခြင်းနှင့် ယင်လုံအိမ်သာသုံးစွဲကြစေရေး စသည့်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်စဉ် ကာကွယ်ဆေးထိုးခြင်း၊ ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုပေးခြင်း ကဲ့သို့သော အခြားကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို တစ်ပါတည်းဆောင်ရွက်ခြင်းဖြင့် ပြည်သူများ၏ ကျန်းမာရေးအခြေအနေ ပိုမိုမြင့်မားလာအောင် စီမံဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။

အချိန်နှင့်တစ်ပြေးညီဆောင်ရွက်

ပြည်သူများအနေဖြင့် သန့်ရှင်းသော သောက်သုံးရေရရှိစေရေးအတွက် နှီးနွှယ်ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပြီး လတ်တလောတွင် ကူးစက်မှုကွင်းဆက်ဖြတ်တောက်နိုင်ရန် ကလိုရင်းဆေးခတ်ခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ လူစုလူဝေးများသော စာသင်ကျောင်းများနှင့် ဘာသာရေးနေရာများတွင်လည်း ရောဂါကာကွယ် တားဆီးနိုင်ရေးအတွက် ရေ၊ အစားအသောက်နှင့် မိလ္လာသန့်ရှင်းမှု အခြေအနေစစ်ဆေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရေအရင်းအမြစ်အားလုံးကို ကလိုရင်းခတ်ရန်နှင့် လိုအပ်သောပမာဏ ရှိ/မရှိ သေချာစေရန် စစ်ဆေးရမည်ဖြစ်ကြောင်း၊ လူနာများကို ကုသရာတွင် လိုအပ်သောဆေးဝါးပစ္စည်းများကို ပြည်သူ့ဆေးရုံများတွင် လုံလောက်စွာထောက်ပံ့ပေးပြီး ဓာတ်ခွဲစစ်ဆေးမှုများကိုလည်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ ကူးစက်ခံရသူတိုင်းကို ကုသရေး လမ်းညွှန်ချက်များနှင့်အညီ ကုသမှုရရှိနိုင်ရမည်ဖြစ်ကြောင်း မှာကြားသည်။

တင်ပြဆွေးနွေး

ထို့နောက် အမျိုးသားကာကွယ် ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ဝင် ပါမောက္ခ စိုးလွင်ငြိမ်းက ပညာရပ်ဆိုင်ရာများကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသူများက ကဏ္ဍအလိုက် တင်ပြဆွေးနွေးကြသည်။

ဆွေးနွေး

ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌တွေ့ဆုံပြီး ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ Chlorine Drum ၄၀ နှင့် Water Purification Tablet ၅၀၀၀၀၀ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်